သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောတွင် စက်လှေတစ်စီးနှင့်အတူ တရားမဝင်သစ် ၁၂ တန်ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3k

ချစ်အိလှိုင်

နိရဥ္စရာ၊ စက်တင်ဘာ ၁၇/၂ဝ၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စက်လှေတစ်စီးနှင့် တရားမဝင်သစ် ၁၂ တန်ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ကညင်သစ် ဘေတုံးဆိုဒ်စုံ ၁၂ တန်တင်ဆောင်လာသည့် အဆိုပါစက်လှေကို မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်၊ မောင်တောမြို့နယ် မှိုဝင်ကျေးရွာ၏ အနောက်တောင်ဘက်ရှိ တုံးချောင်းဝအနီး၌ လုံခြုံရေးဆောင်ရွက်နေသည့် ရေတပ်က စက်တင်ဘာ ၁၆ ရက် ည ၉ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးဇော်ဇော်က နိရဥ္စရာအားပြောသည်။

ကြေးနန်းမှာတော့ သစ်မှောင်ခိုလှေတစ်စီးတဲ့။ ဖမ်းဆီးရမိတာ ၁၂ တန်တဲ့။ ကညင်ခွဲသားဆိုဒ်စုံတွေလို့သိရတယ်။ ဖမ်းမိတဲ့သစ်တွေရဲ့ကာလတန်ဖိုးကတော့ တစ်နေရာနဲ့ တစ်နေရာမတူတဲ့အတွက် အဲဒီက ကာလတန်ဖိုးမသိနိုင်ဘူးဟု ပြောသည်။

အဆိုပါစက်လှေသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ သွားစဉ်ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း နိရဥ္စရာအနေဖြင့် သီးခြားအတည်ပြု၍ မရခဲ့ပေ။

အဆိုပါစက်လှေကိုဖမ်းဆီးရာတွင် စက်လှေပေါ်ပါလာသူများမှာ ရေထဲသို့ ခုန်ဆင်းလွတ်မြောက်သွားခဲ့ကြသည်ဟု သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် စက်လှေပေါ်မှ သစ်များအား မောင်တောမြို့နယ် ပြင်ဖြူနယ်မြေရဲစခန်းသို့ ပို့ဆောင်ထားပြီး အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရခိုင်တွင် လွန်ခဲ့သည့် ၂ဝ၁၈ ခုနစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ၃ နှစ်တာကာလအတွင်း တရားမဝင်သစ်တန်ချိန်ပေါင်း ၅၉၇၈.၆၁၁၆ တန်အထိ ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းအရ သိရသည်။

ဓာတ်ပုံ - ရခိုင်ပြည်နယ်နေ့စဉ်

 

ဆက်စပ် သတင်းများ