စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မင်းပြားတွင် မူးယစ်ရမ်းကားသူတစ်ဦးမှ ဓားဖြင့်လိုက်ခုတ်သဖြင့် ၂ဦးသေ၊ ၂ ဦးပြင်းထန်စွာ ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မူးယစ်ရမ်းကားသူ တစ်ဦး၏ ဓားဖြင့်လိုက်ခုတ်မှုကြောင့် အသက် ၆ဝ ကျော် အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့သည်။

သေဆုံးသူအမျိုးသားမှာ မင်းပြားမြို့နယ်၊ မင်းဘာကျေးရွာမှ ဦးစိန်လှအောင် (၆၅) နှစ်နှင့် ကျားပိုက်ကေ ကျေးရွာမှ ဒေါ်ဦးကြာ(၆၄) နှစ်တို့ ဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက “ နှစ်ယောက်သေတယ်ဗျာ။ အမျိုးသမီးတစ်ဦး၊ အမျိုးသား တစ်ဦး၊ နောက်ထပ် အမျိုးသမီး နှစ်ဦးက ဒဏ်ရာရသွားပြီး မင်းပြားဆေရုံမှာတင်ထားရပါတယ်။ အသေးစိတ်တော့ ကျွန်တော်လည်း လမ်းပေါ်မှာဆိုင်ကယ်နဲ့ဆိုတော့ မပြောနိုင်ဘူးဗျာ။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုသာ ဆက်မေးကြည့်ပါ” ဟု ပြောဆိုသည်။

မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်အားဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်မှာ မှန်ကန်ပြီး ၂ ယောက်သေဆုံးပြီး အမျိုးသမီး နှစ်ယောက်ကို ဆေးရုံတင်ထားရကြောင်း၊ မူးယစ်ရမ်းကားသူ တစ်ဦးက အကြောင်းမဲ့ ဓားဖြင့် လိုက်ခုတ်သည်ဟုသိရကြောင်း ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီကျော်က မင်းပြားမြို့နယ်၊ အိမ်ရှေ့မင်းကျေးရွာနေ မောင်သိန်းဟန် (၃၉) နှစ်သည် မူးယစ်ရမ်းကားပြီး လယ်ကွင်းထဲတွင် ပျိုးစိုက်နေသူ  မင်းဘာကျေးရွာနေ ဦးစိန်လှအောင်အား အရိုး ၁ ပေ ၈လက်မရှိ ဓားဖြင့် ခုတ်သတ်ပြီးနောက် ကားလမ်းပေါ်တက်လာကာ ကြပ်စင် တံတားအဆင်းတွင် ဆိုင်ကယ်စီးလာသူ ဒေါ်ဇာဇာမိုး (၃၄) နှစ်နှင့် ဒေါ်ဦးကြာတို့အား တားပြီး  ဓားဖြင့် လိုက်ခုတ်ခဲ့သည်ဟု ဦးလှသိန်းအောင်က ပြောသည်။

၎င်းနောက်ကြပ်စင်တံတားပေါ်သို့ တက်လာပြီး လိုင်းပြေးဆွဲနေသည့် ကားအား ဓားဖြင့်တိုက်ခိုက်ရာ ကားပေါ်မှ ဆင်းပြေးသူ ဒေါ်လှနု(၆၄) နှစ်အား ဓားဖြင့်လိုက်ခုတ်ခဲ့သည်ဟု ရဲမှတ်တမ်းကို ကိုးကားပြီး ဦးလှသိန်းအောင်က ပြောဆိုသည်။

ထိုသို့လိုက်ခုတ်သဖြင့် ဒေါ်ဦးကြာ၊ ဒေါ်ဇာဇာမိုးနှင့် ဒေါ်လှနုတို့တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး သုံးယောက်စလုံးကို  မင်းပြားဆေးရုံသို့ ယူဆောင်ခဲ့ရရာ ဒေါ်ဦးကြာမှာ  နံနက် ၉ နာရီကျော်တွင် ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

နောက်ပိုင်းရဲတပ်ဖွဲ့ဝင်များ ရောက်လာပြီး လူသတ်တရားခံ မောင်သိန်းဟန်အား ဖမ်းဆီးရာ အဖမ်းမခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ခြေထောက်တွင် ဒဏ်ရာ ရရှိပြီးမှ ဖမ်းမိသည်ဟု သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီးသော်လည်းကောင်း၊ လူသတ်တရားခံနှင့် ပတ်သက်ပြီးသော်လည်းကောင်း ဖြစ်စဉ်အား  အတည်ပြုချက် ရယူနိုင်ရန် မင်းပြားမြို့မ စခန်းသို့ ဆက်သွယ်ရာ စခန်းတွင် အောက်ခြေရဲတပ်ဖွဲ့ဝင်များသာရှိပြီး အထက်ရဲအရာရှိများမှာ အခင်းဖြစ်ပွားနေသော နေရာသို့ ရောက်ရှိနေသဖြင့် ၎င်းအမှုကိစ္စအား မပြောဆိုနိုင်ဟု တာဝန်ကျရဲအရာရှိက ပြောကြားသည်။

ဆက်စပ် သတင်းများ