ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့ပေါ်ပစ်ခတ်မှုဖြစ်၊ အေးငြိမ်းကုမ္ပဏီပိုင်ရှင်အပါအဝင်နှစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 694

သိန်းဇော်(မောင်တော)၊ချစ်အိလှိုင်
နိရဥ္စရာ၊အောက်တိုဘာ ၅/၂ဝ၁၉

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ပေါ်တွင် ယမန်နေ့ ည ၁ဝ နာရီအချိန်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အေးငြိမ်းကုမ္ပဏီပိုင်ရှင် အပါအဝင် လူနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

သေနတ်နှင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားသူနှစ်ဦးမှာ အေးငြိမ်းဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးညီညီ (၄၄) နှစ်နှင့် သုံးဘီးမောင်းသူ ကိုညီညီနိုင်(၃၁) တို့ နှစ်ဦးဖြစ်သည်။

 ယမန်နေ့ ည ၁ဝ နာရီကျော်က အေးငြိမ်းဆောက်လုပ်ရေး ပို်င်ရှင် ဦးညီညီသည် အေးငြိမ်းဆေးခန်းမှ ကိုညီညီနိုင် မောင်းနှင်သော သုံးဘီးနှင့်ပြန်လာစဉ် ကျောင်းတက်လမ်းရပ်ကွက် အေးယားမန္တလေး လေယာဉ် လက်မှတ် အရောင်းဌာနရှေ့ အရောက်တွင် အမည်မသိ သေနတ်သမား တချို့က သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထိုသို့ပစ်ခတ်ခံရခြင်းကြောင့် ဦးညီညီမှာ မေးရိုးကို ကျည်ဆံရှပ်ထိပြီး လည်ပင်းသို့  ဖောက်ဝင်သွားကြောင်း၊  သုံးဘီးမောင်းသူ ကိုညီညီနိုင်တွင် ဘယ်ဘက်ပေါင်ကို ကျည်ဆံထိမှန်ခဲ့ကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှ  စခန်းမှူးက”ဘာမှ မလုပ်ရသေးဘူး။အဲဒါကြောင့် ဘာမှပြောလို့ မရသေးဘူး။နေ့ခင်းဘက်မှလာပါ”ဟု နိရဥ္စရာသို့ပြောသည်။

၄င်းတို့နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ယနေ့နေ့လယ်တွင် စစ်တွေဆေးရုံမှ ရန်ကုန်သို့ အရေးပေါ် ပို့ဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ