သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မင်းပြားတွင် ရဲအုပ်တစ်ဦး သေနတ်ပစ်ခံရ၊ အရက်ဆိုင်ပိုင်ရှင် ထိန်းသိမ်းခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ ၁၁ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်တွင် ယမန်နေ့ (စက်တင်ဘာ ၁ဝ ရက်) ညနေ ၇ နာရီအချိန်ခန့်က မင်းပြားရဲစခန်းမှ ရဲအုပ်တစ်ဦး သေနတ်ပစ်ခတ်ခံရကာ ဒဏ်ရာရရှိသွားသဖြင့် ဆေးရုံတင်ထားရကြောင်း သတင်းရရှိရသည်။

ပစ်ခတ်ခံရသူ ရဲအုပ်မှာ ကောင်းမြတ်ထွန်းဖြစ်ပြီး မင်းပြားမြို့၊ ရာမောင်ခန်းမအနီး၊ အရက်ဆိုင်တွင် သူ့တပည့်တစ်ဦးနှင့်အတူ ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မင်းပြာမြို့ ဒေသခံများက ပြောသည်။

ဒေသခံ တစ်ဦးက “ သူက သူ့တပည့်တစ်ယောက်နဲ့ ရာမောင်ခန်းမ ဘေးနားက ဆိုင်ကို သွားတာ။ အဲဒီမှာ ပစ်ခတ်ခံရတာ။ ဘယ်သူတွေက ပစ်သွားတယ်။ ဘယ်နှစ်ယောက်ပစ်သွားတယ်ဆိုတာကိုတော့ ကျနော်တို့လည်း မသိဘူး။ ပစ်တာကတော့ သူ့ပါးစပ်ကို ပစ်သွားတာ။ ပါးတစ်ဖက်တစ်ချက်ကို ကျည်ဖောက် သွားတယ်လို့ကြားရပါတယ်” ဟုပြောသည်။

၎င်းနောက် မင်းပြားမြို့ အနီးဝန်းပတ်ဝန်းကျင်မှ သေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်ဟု ဆိုသည်။

ဒေသခံများ အပြောအရ အရက်ဆိုင်ပိုင်ရှင် ဦးမောင်မောင်သန်းကို ရဲက ခေါ်ဆောင်သွားသည်ဟု သိရသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ဖြစ်တာက ၇ နာရီ မထိုးခင်လောက်က ဖြစ်ပုံရတယ်။ မြို့ထဲက အရက်ဆိုင်ထဲမှာ ဖြစ်ကြတယ်လို့ သိရပါတယ်။ အသက်ကတော့ မသေပါဘူး။ ဆေးရုံတင်ထားရပါတယ်။ ဆိိုင်ပိုင်ရှင်ကိုတော့ ရဲရဲ့ လုပ်ထုံးလုပ်နည်းအရ သူ့ဆိုင်မှာ ဖြစ်တာဆိုတော့ စစ်ဆေးမေးမြန်းဖို့ ခေါ်ထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

၄င်းရဲအုပ်မှာ မင်းပြားရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၈ လခန့်သာရှိသည်။

အဆိုပါ ရဲအုပ်မှာ မင်းပြားဆေးရုံသို့ ရောက်ရှိနေပြီး ဆေးကုသမှု ခံယူနေရသည်ဟု မင်းပြားဒေသခံ ကိုသိန်းဇံက ယနေ့နံနက်က ပြောဆိုသည်။

ဆက်စပ် သတင်းများ