သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့စစ်ရှောင်စခန်းတစ်ခု၌ အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးမှုမှာ စားဝတ်နေရေးနှင့် အလုပ်အကိုင်အကျပ်အတည်းကြောင့်ဖြစ်နိုင်ဟု မိသားစုများပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.6k

ဇွဲဓန (ကိန်းသာမြေ)

နိရဥ္စရာ၊ ဒီဇင်ဘာ ၁၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ အမျိုးသားတစ်ဦး ယနေ့ နံနက်ပိုင်းက ကြိုးဆွဲချသေဆုံးသွားရာ ၎င်းအဆုံးစီရင်မှုမှာ စားဝတ်နေရေးအကျပ်အတည်းနှင့် အလုပ်အကိုင် မရှိခြင်းကြောင့် ဖြစ်နိုင်ဟု မိသားစုများပြောဆိုသည်။

၎င်း၏ ဖခင်ဖြစ်သူ ဦးထွန်းစိန်က“သူ့မှာ ဘာရောဂါဝေဒနာမှလည်း ခံစားနေရတာ မရှိဘူး။ ဘာလဲဆိုတော့ ဒီမှာ စားဝတ်နေရေး အဆင်မပြေလို့ ဖြစ်တာလို့ ထင်မိပါတယ်။ နေရထိုင်ရာတာ ကျပ်တည်းတဲ့ အပြင် အလုပ်လည်း မရှိဘူးဆိုတော့ ဒီလမ်းကို ရွေးသွားတာ ထင်ပါတယ်။ သူအဲလိုကြိုးဆွဲချထားတာကို ကျွန်တော်တို့ ဒီနေ့ မနက်က တွေ့ ရတာပါ” ဟု ပြောဆိုသည်။

သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာမှ အသက် ၃၉ နှစ်အရွယ် ဦးလှသိန်း ဖြစ်ကြောင်း၊ ဘူးသီးတောင်မြို့  ရန်အောင်မြေဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းရှိ ၄င်းနေသည့် အဆောင်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို ယနေ့ နံနက် ၉ နာရီခန့်က တွေ့ရှိရကြောင်း ၎င်းက ပြောသည်။  

“ သူကြိုးဆွဲချတဲ့ ကြိုးက နိုင်လွန်ကြိုးပါ။ ကြိုးက လက်ညိုးတစ်ချောင်းလောက် ကြီးပါတယ်။ မနက်ကအထိ သူအကောင်းအတိုင်း ရှိပါသေးတယ်။ အဆောင်မှာက အခန်းနှစ်ခန်းစီရှိတယ်။ အဲဒီမှာ အထဲဘက်က အခန်းထဲမှာ သူသေနေတာပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

သေဆုံးသွားသူ၌ ကလေး ၃ ဦးနှင့် ဇနီးတို့ ကျန်ခဲ့သည့်အတွက် ၄င်းတို့ ရှေ့ဆက်စားဝတ်နေရေးနှင့် သားသမီးတို့၏ ပညာရေးအတွက် စိုးရိမ်မိကြောင်း ဦးထွန်းစိန်က ပြောသည်။

“ရန်ဖြစ်တာလည်းမရှိဘူး၊ သူ့မှာ သားကြီးဟာဆိုရင် ဒီနှစ် ဆယ်တန်းတက်ရမှာပါ။ နေရေးထိုင်ရေးလည်း အဆင်မပြေ၊ အလုပ်အကိုင်လည်း မရှိ။ သားသမီးတွေရဲ့ ပညာရေးကလည်းရှိတော့ ဒီလို မဖွယ်မရာ ဖြစ်သွားတယ်ထင်ပါတယ်။ သားအတွက် စိတ်မကောင်းပါ” ဟု ဖခင်ဖြစ်သူက ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “အဓိကကတော့ စစ်ဘေးရှောင်စခန်းဆိုတာက ကျပ်ကျပ်တည်းတည်းနေကြရတယ်။ အလုပ်အကိုင်မရှိ၊ စားရေး သောက်ရေးတွေ အခက်အခဲရှိလာနိုင်တယ်။ အခုဆိုရင် စစ်ဘေးရှောင်တွေအနေနဲ့လည်း ထောက်ပံ့မှုတွေရတာ နည်းလာတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့မှုနည်းလာတယ်။ မိသားစု ဝင်ငွေလည်း မရှိဘူး။ အဲလိုအချိန်ခါမှာ စိတ်ဖိစီးမှုတွေ များလာပြီးတော့ ဖြစ်သွားတာ ဖြစ်နိုင်တယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အလောင်းအား ဘူးသီးတောင်မြို့နယ်ရှိ ရဲစခန်းမှ တာဝန်ရှိရဲဝန်ထမ်းများက လာရောက်စစ်ဆေးခဲ့ကြောင်း၊ လက်ရှိတွင် အလောင်းအား ဘူးသီးတောင်ဆေးရုံကြီးသို့ ကားဖြင့် ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ဘူးသီးတောင်မြို့နယ်မှ လူဦးရေ ၈ဝဝ ကျော်နေထိုင်လျှက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ