သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တွင် ကျွဲပိုင်ပိုင်ရှင်ကိုကြိုးနှင့်ချည်ပြီး ကျွဲများကိုစက်လှေဖြင့် လုယူသွားသည့် ဖြစ်စဉ်ဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 522

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုကမ်း၊ ခမောင်းတုန်းကျေးရွာ၊ လယ်သမားတစ်ဦးထံမှ ကျွဲများကို လုယက်ယူဆောင်သွားသည့် ဖြစ်စဉ် တစ်ခု ယမန်နေ့ ညဉ့် ၁ဝ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လူပေါင်း ၁ဝ ကျော်ပါဝင်သော ကျွဲနွားခိုးနေသည့် ဒုစရိုက်သမားအုပ်စု တစ်စုသည် စက်လှေတစ်စီဖြင့် ညဉ့်  ၁ဝ နာရီကျော်အချိန်တွင် ခမောင်းတုန်းကျေးရွာအနီးသို့ ဝင်ရောက်လာပြီး ပိုင်ရှင်ဖြစ်သူကို ကြိုးဖြင့် ချည်နှောင်ကာ ကျွဲခုနှစ်ကောင်ကို စက်လှေနှင့် အတူ လုယက် ယူဆောင်သွားခဲ့သည်ဟု ကာယကံရှင် ပိုင်ရှင်ဖြစ်သူ ဦးမောင်စောသန်းက နိရဥ္စရာသို့ ပြောကြားသည်။

“ လူပေါင်း ၁ဝ ကျော်လာက်ပါပါတယ်။ အကုန်လုံး ဘင်္ဂလီ (--) တွေပါ။ ဓါးရှည်တွေကို ကိုင်ထားပါတယ်။ ကျွန်တော်ကို ကြိုးတုတ်ပြီး လည်ပင်းကို ဓါးတင်ပြီး မှောက်ခိုင်းထားပါတယ်။ သူတို့က ကျောက်တော်က လာတာလို့ ပြောပါတယ်။ ကျွဲခုနှစ်ကောင် ပါသွားပါတယ်။ အမ ၆ ကောင်နဲ့ နို့စို့အရွယ် အထီး တစ်ကောင် ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကျွဲများကို စက်လှေပေါ်တင်ယူဆောင်သွားပြီးနောက် ၎င်းအားကြိုးတုတ်ကာ တဲထဲတွင် ထားခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တဲက ရွာရဲ့ အရှေ့ဘက်မှာ ရှိပါတယ်။ ရွာနဲ့ သိပ်မဝေးဘူး။ ကျွဲပေါက် တစ်ကောင်ဘဲ ကျန်ပါတယ်။ ပါသွားတဲ့ ကျွဲခုနှစ်ကောင်းရဲ့ တန်ဖိုးက ကျပ်သိန်း ၅ဝ ဖိုးလောက်ရှိပါတယ်။ တော်တော့ကို နစ်နာမှုရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဖုန်း နှစ်ကြိမ်ဆက်သွယ်ရာ တစ်ကြိမ်မှ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

ကျွဲနွားခိုးသည့် ဒုစရိုက်ဂိုဏ်းများသည် ရခိုင်ပြည်နယ်မှ မြစ်ချောင်းနှင့် နီးကပ်စွာတည်ရှိသည့် ကျေးရွာများမှ ကျွဲနွားများကို ညဉ့်အချိန်စက်လှေများဖြင့် တိတ်တဆိတ်ဝင်ရောက်ခိုးယူကာ တစ်ဖက် ဘင်္ဂလာဒေ့ရှ်နိုင်ငံ မှောင်ခိုစျေးကွက်များဖြစ်ကြသည့် ဆင်မဖြူကျွန်းနှင့် တက်ကနက်မြို့များသို့ တင်ပို့ကြသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ