ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် မေယူရှင်မနတ်ကွန်းမှ ရှေးဟောင်း ကျောက်ဆစ်လက်ရာများထပ်မံတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4k

နောင်ခိုင်အောင်
နိရဥ္စရာ၊ ဇူလိုင်၊ ၂၅/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာအုပ်စု၊ တောင်ဦးစေတီအနီးရှိ မေယူရှင်မနတ်ကွန်းအား ပြန်လည် ပြုပြင်နေရာ ၎င်းအနီးတစ်ဝှိုက်မှ ရှေးခေတ်ကျောက်ဆစ်လက်ရာအများအပြားအား ဒေသခံများက တူးဖော် တွေ့ရှိထားကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ထူးဖော်တွေရှိသည့် ဒီကျောက်ဆစ်လက်ရာများကို သိရှိနားလည်သည့် သမိုင်းပညာရှင်၊ အတတ်ပညာများအား ခေါ်ယူပြသကြည့်ခြင်း တစ်ကြိမ်တစ်ခါမှ မပြုလုပ်ဖူးသည့်အတွက် အဆိုပါကျောက်ဆစ်လက်ရာများနှင့် ကျောက်စာများမှာ မည်သည့်ခေတ်၊ မည်သည့်ဘုရင်များ  အသုံးပြုခဲ့သည့် ကျောက်ဆစ်လက်ရာများ ဖြစ်ကြောင်းကို မသိရှိကြောင်း ၎င်းကျောက်ဆစ် လက်ရာများကို ထိမ်းသိမ်းစောင့်ရှောက်နေသူများက ပြောသည်။

“ဒီကျောက်ဆစ်လက်ရာတွေကို  ၂ဝ၁၉ ခုနှစ် ၆ လပိုင်း ၂၂ ရက်နေ့မှာ စတွေ့ပါတယ်။ ကျောက်မှာ ထွင်းထုထားတဲ့ အနုပညာလက်ရာတွေ၊ ကျောက်စာတွေ၊ ကျောက်သေတ္တာတွေ အဲသလိုမျိုး တွေ့ပါတယ်။ အတိအကျ ဘယ်လို ကျောက်ဆစ်လက်ရာတွေဆိုတာ တိတိကျကျ မပြောတတ်ဘူး” ဟု ကျောက်ဆစ်လက်ရာများကို ထိမ်းသိမ်း စောင့်ရှောက်နေသူ အငူမော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မောင် ပြောသည်။

ကျောက်ဆစ်လက်ရာများကို ၎င်း ၁၄ နှစ်သားလောက်ကတည်းက ဒေသခံများ တွေ့ရှိခဲ့မှုများကို မြင်တွေ့ခဲ့ဖူးကြောင်း၊ ယခု နှစ်ပေါင်း ၄ဝ နှစ်အကြာမှ ကျောက်ဆစ်လက်ရာ အသစ်များကို ပြန်လည် ရှာဖွေတွေ့ရှိရ၍ အံ့သြသင့်မိကြောင်း၊ မေယူရှင်မ နတ်ကွန်းတွင် ရဲပန်းဇင်းနှင့် ရဲအောင်တိုင်နတ်ညီနောင်နှစ်ပါးလည်းရှိကြောင်း၊ ၎င်းနတ်ညီနောင်နှစ်ပါးအား ယခုထက်ထိ ခြေထောက်နှင့် လက်များကို သံကြိုးဖြင့်ခတ်ထားကြောင်း ပြောဆိုသည်။

“ ဒီနေရာက သမိုင်းဝင် အထောက်အထားတွေအများအပြား ရရှိတဲ့ အတွက် စနစ်တကျ တူးဖော်မယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့့ အထောက်အထားတွေရရှိနိုင်ပါတယ်။ အခုတွေ့ရှိတဲ့ အထဲမှာ ဓမ္မစင်္ကြာ၊ ခရုသင်းအမှတ်အသားပါတဲ့ ကျောက်ဆစ်လက်ရာတွေလည်း တွေ့ပါတယ်။ နတ်ရုပ်တု ၂ ခုလည်းထပ်တွေ့ထားပါတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးဦးကျော်သန်းက ပြောဆိုသည်။

အဆိုပါ ကျောက်ဆစ်လက်ရာများသည် ရှေးခေတ် အိန္ဒိယနိုင်ငံမှ ဘုရင် အသောကမင်းကြီး လက်ထက်နှင့် ခေတ်ပြိုင်ဖြစ်သော ရခိုင်ဘုရင် သူရိယစက္ကမင်းလက်ထက်က အသုံးပြုခဲ့သည့် ကျောက်ဆစ်လက်ရာများဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

ဤနတ်ကွန်းမြေနေရာတွင် ရခိုင်ဘုရင် လက်ထက်တုန်းက ပဲရုံမြို့ဟု အမည်တွင်သည့် မြို့တစ်မြို့ တည်ရှိခဲ့ဖူးကြောင်း ပါးစပ်ရာဇဝင်အရ သိရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက  ဆက်လက် ပြောဆိုသည်။

“အခုလက်ရှိ အရေးတကြီးလိုအပ်နေတာက ဒီမြေ ၂ ဧကလောက်ရှိတဲ့ မြေတွေကို ခြံစည်းရိုး ကာထားချင်တာပါ။ ဒီရှေးဟောင်းလက်ရာတွေကို မပျောက်ပျက်စေချင်ဘူး။ ကျွဲတွေ၊ နွားတွေလည်း ဝင်လို့မရအောင်ပါ” ဟု ၎င်းကပြောသည်။

ကျောက်ဆစ်လက်ရာများ မပျောက်ပျက် မပျက်စီးစေရန် ရည်ရှည် ထိမ်းသိမ်း စောင့်ရှောက် ထားချင်သောကြောင့် မြေဧက ၂ ဧကခန့် အကျယ်အဝန်းရှိသည့် မြေနေရာအား ခြံစည်းရုံးကာရန်ထားချင်သည့်အတွက်ကြောင့် ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင်များကို အားကိုးနေကြောင်း ရခိုင်သမိုင်းပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့်လည်း ဤကျောက်ဆစ်လက်ရာများအား လာရောက်လေ့လာ အတည်ပြုပေးစေလိုကြောင်း ဒေသခံများက ပြောဆိုသည်။

ဆက်စပ် သတင်းများ