သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ရခိုင်အမျိုးသားပါတီမှ တပြိုင်တည်းနုတ်ထွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 10.3k

မာန်ယုကျော် (ရွှေဝမြေ) | စစ်တွေ၊ ဇွန် ၁၁/ ၂ဝ၁၉

ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးသည် ပါတီမှ တပြိုင်တည်း နုတ်ထွက် လိုက်ကြကြောင်း သိရသည်။

နုတ်ထွက်လိုက်သူများမှာ ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်နှင့် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်တို့ဖြစ်သည်။

သူတို့နှစ်ဦးသည် ရခိုင်အမျိုးသားပါတီနှင့် ကင်းကွာနေသည်မှာ အချိန်ကြာမြင့်လာပြီဖြစ်သလို မကြာသေးမီက ကျင်းပခဲ့သည့် ပါတီ၏အရေးကြီးဆုံးဖြစ်သော ပါတီညီလာခံကိုလည်း တက်ရောက်ခဲ့ခြင်း မရှိသည့် အတွက် ပါတီမှ နုတ်ထွက်ခွင့်ပြုပေးရန် ဇွန်လ ၆ ရက်နေ့က ပါတီဗဟိုဌာနချုပ်ရုံးသို့ ပေးပို့ ထားသည့် နုတ်ထွက်စာတွင်ဖော်ပြထားသည်။

"ပါတီနဲ့ အဆက်အပြတ်နေတာက တစ်နှစ်၊ နှစ်နှစ်ရှိပြီ။ ပါတီကလည်း ကိုယ့်ကိုမဆက်သွယ်၊ ကိုယ်ကလည်း မဆက်သွယ်နဲ့ ဒီကြားထဲ လူငယ်လေးတွေတိုက်တာတွေရှိတယ်။ CEC အဆင့်က တိုက်တာတွေလည်းရှိတယ်။ မနုတ်ထွက်ခင်အထိ တိုက်ခိုက်တာတွေရှိတယ်။ နောက် လွှတ်တော် ကိုယ်စားလှယ်ရုံးကိုလည်း ပိတ်ခိုင်းတာရှိတယ်။ ပါတီအမိန့်စာထုတ်လို့တော့မဟုတ်ဘူး။ ပါတီက လူကြီးတွေကလေ။ ဦးလည်း လူကြီးပဲ။ ဒါပေမယ့် အဲဒီလူကြီးတွေက ပိတ်ခိုင်းတယ်။ အဲလိုတွေရှိတယ်။ ဆိုတော့ အချိန်လည်း  အဲလို တစ်နှစ်ကျော်လောက်ကြာနေပြီ။ အဓိပ္ပာယ်လည်းတစ်ခုမှ မရှိဘူး။ ပါတီ ညီလာခံလည်း မတက်လိုက်။ မတက်တော့ ရိုးရိုးပါတီဝင်ဖြစ်သွားတယ်လေ။ ဆိုတော့ အဓိပ္ပာယ်လည်း မရှိတော့တဲ့အတွက် အဲလို နုတ်ထွက်လိုက်တာပါ။"ဟု ပါတီမှနုတ်ထွက်လိုက်သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က နိရဥ္စရာသို့ ပြောသည်။


ရခိုင်အမျိုးသားပါတီကိုယ်စားပြု၍ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် လွှတ်တော် ကိုယ်စားလှယ် များကို ယခုလွှတ်တော်သက်တမ်းအကုန်အထိ ထွက်ခွင့်မပေးရန် မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ပါတီညီလာခံတွင် ဆုံးဖြတ်ထားသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက နိရဥ္စရာသို့ ပြောသည်။

"အကယ်၍ ထွက်ချင်တယ်ဆိုရင် လာမယ့် လွှတ်တော်ကာလသက်တမ်းအထိ ပါတီကို ထည့်ဝင်ရမယ့် ပိုက်ဆံအားလုံး ပြန်ထည့်။ အားလုံးကို အကျေထည့်။ သူတို့ ကတိကဝတ်ခံထားတဲ့အတိုင်း။ အဲလိုတစ်ချက်။ နောက်တစ်ချက်က အကယ်၍ လွှတ်တော်အမတ်နေရာကပါ နုတ်ထွက်မယ်ဆိုရင် ပါတီက ထွက်ခွင့်ပေးမယ်ဆိုတာ ပါတီရဲ့ဆုံးဖြတ်ချက် အဲဒါ။ အဲဒီနှစ်ချက် ဆုံးဖြတ်ထားတယ်။"ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။

ယခုဆုံးဖြတ်ချက်သည် တရားမျှတမှုရှိ/မရှိနှင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံအတွင်းရှိ အခြား နိုင်ငံရေး ပါတီများတွင် ယခုကဲ့သို့ အစဉ်အလာများရှိ/မရှိဆိုသည်မှာ အရေးကြီးပြီး ယခုကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို ရွေးကောက်ပွဲကော်မရှင်ကလည်း အသိအမှတ်မပြုဟု ဦးခင်မောင်လတ်က ပြောသည်။

နုတ်ထွက်ရာတွင်ပါဝင်သူတစ်ဦးဖြစ်သည့် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၄)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်အား နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထား၍ အဆက်အသွယ်မရခဲ့ပါ။


ယခုနုတ်ထွက်လိုက်သူနှစ်ဦးသည် ရခိုင်အမျိုးသားပါတီ၏ ဒုတိယအကြိမ်ညီလာခံပြုလုပ်ပြီးနောက် ပထမဆုံးနုတ်ထွက်လာသူများဖြစ်သည်။ ယခုကဲ့သို့ ပါတီမှ နုတ်ထွက်မှုများသည် ၂ဝ၁၅ ခုနှစ်မှ စတင်ဖြစ်ပေါ်လျက်ရှိနေပြီး နုတ်ထွက်သွားသူများတွင် အချို့သည် ပါတီအသစ် ထူထောင်မှုများလည်းရှိနေသလို အချို့သည် အခြားပါတီသို့  ကူးပြောင်း ဝင်ရောက်သွားသူများလည်း ရှိနေကြသည်။

ဆက်စပ် သတင်းများ