စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စင်္ကာပူ-တရုတ်နှင့် မလေးရှားကုမ္ပဏီများမှ ရခိုင်၌ဘီလီယံနှင့်ချီသည့်စီမံကိန်းများရင်းနှီးမြုပ်နှံရန်ကမ်းလှမ်းထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4.3k

သိန်းဇော်(မောင်တော)

နိရဥ္စရာ၊ ဇူလိူင် ၁၅/ ၂ဝ၁၉

စင်္ကာပူ-တရုတ်ကုမ္ပဏီပူးပေါင်းအဖွဲ့နှင့် မလေးရှားကုမ္ပဏီ တစ်ခုတို့သည် ရခိုင်ပြည်နယ်တွင် ဘီလီယံနှင့် တန်ဖိုးရှိသည့် စီမံကိန်းများကို ရင်းနှီးမြုပ်နှံ အကောင်အထည်ဖော်ရန် အဆိုပြု ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်း သတင်းရရှိသည်။

စင်္ကာပူအခြေစိုက် Huncheng International PTELTD ကုမ္ပဏီနှင့်  တရုတ်နိုင်ငံအခြေစိုက် SHANG HAI HOARD BRIGHT INDUSTRIAL ကုမ္ပဏီတို့သည် ဇူလိုင်လ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့လာရောက်ပြီး  ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဆွေးနွေးခဲ့ကာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံခန့် အကုန်အကျခံ ရင်းနှီးမြုပ်နှံမည့် စီမံကိန်း အကြောင်းကို တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။

စင်္ကာပူအခြေစိုက်နှင့်  တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတို့သည် ရခိုင်ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ လျှပ်စစ်ဓာတ်အား ပေးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ကနဦးလာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
အလားတူ မလေးရှားနိုင်ငံအခြေစိုက် Gold Coast KTMG Development Co.,ltd ကုမ္ပဏီသည်လည်း  အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံ အကုန်အကျခံကာ မြို့သစ်စီမံကိန်း ဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရထံ ခွင့်ပြုချက် တောင်းခံထားသည်ဟု သိရသည်။

အဆိုပါကုမ္ပဏီများမှာ ရခိုင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် လေ့လာနေဆဲ ဖြစ်သည့် အတွက် မည်သည့်အချိန်၊ မည်သည့် မြေနေရာတွင် ရင်းနှီးမြှုပ်နှံမည်ဆိုသည်ကို တိတိကျကျ မရှိသေးကြောင်း ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က “သူတို့က အခုလေ့လာဆဲပဲ ရှိသေးတယ်။ သူတို့စီးပွားရေး လုပ်ငန်း တစ်ခုလုပ်ချင်တယ်။ ပြီးတော့ ဘယ်နေရာမှာလုပ်ရမလဲ။ ဘယ်လိုအကျိုးခံစားခွင့်တွေရှိမယ်။ အဲဒါကို လာပြီးတော့ စုံစမ်းရုံပဲ ရှိသေးတယ်။ ကုမ္ပဏီမိတ်ဆက်တာပဲ ရှိသေးတယ်။” ဟု နိရဥ္စရာကို ပြောသည်။

ကုမ္ပဏီမှရင်းနှီးမြှုပ်နှံနိုင်မည့် မြေအမျိုးအစားများကို လေ့လာပြီး အစိုးရစီမံခန့်ခွဲနိုင်သော နေရာများကိုသာ ခွင့်ပြုနိုင်မည်ဖြစ်ကာ ယခုကိစ္စနှင့်ပတ်သက်ပြီး ဆက်လက်ဆွေးနွေးညှိနှိုင်းရဦးမည်ဟု ဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။

“ကျနော်တို့က ကျနော်တို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အကျိုးရှိမယ်ဆိုရင်လုပ်ပါ။ လမ်းဖွင့်ပေးထားတယ်။ အမှန်တကယ်လည်း ကျနော်တို့  ရင်းနှီးမြှုပ်နှံသူတွေ လိုချင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက် အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်ချင်တယ်။ ရခိုင်ပြည်နယ် တိုးတက်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေအများကြီးလိုအပ်ပါတယ်။ဒါပေမဲ့လို့ အမှန်အကန်လာလို့ ရင်းနှီးမြှုပ်နှံမဲ့ သူတွေကို ကျနော်တို့က လိုချင်တာ” ဟု ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

မလေးရှားနိုင်ငံအခြေစိုက် Gold Coast KTMG Development Co.,ltd ကုမ္ပဏီသည် စစ်တွေမြို့ရှိ ကျေးတော ကျေးရွာနှင့် ရွှေမင်းဂံကျေးရွာတို့အကြားရှိ မြေဧက ၇ ထောင်တွင် မလေးရှား နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုက အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံအကုန်အကျခံကာ မြို့သစ်စီမံကိန်းဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရထံ ခွင့်ပြုချက်တောင်းခံထားပြီး ခွင့်ပြုချက်ရပါက ၂ဝ၂ဝ ခုနှစ်မှစတင်ကာ ၂ဝ၃ဝ ခုနှစ်အတွင်း အပြီး ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

ထို စီမံကိန်းတည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်ပြီး  Gold Coast KTMG Development Co.,ltd က ဇွန်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်လွှတ်တော်သို့ လာရောက်ရှင်းလင်းခဲ့သည်ဟု သိရသည်။

 ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက "လွှတ်တော်နဲ့အစိုးရအဖွဲ့ကို ချပြပြီးတော့ ကျနော်တို့ဆီက ထောက်ခံချက်တွေကို ရယူချင်ပါတယ်လို့ သူတို့က ပြောပါတယ်။ ထောက်ခံချက်တွေရလို့ရှိရင်တော့ အဲဒီ ထောက်ခံချက်ကို သူတို့က အထက်ကို ပြည်ထောင်စုမှာသွားပြီးတော့ သူကတင်ပြရမယ် ဆိုပြီးတော့ ပြောသွား ပါတယ်။ သူတို့တွေကို ကျနော်တို့လွှတ်တော်က ပြောပြလိုက်တာကတော့ ဒီလိုလာပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ကို အများကြီး ကြိုဆိုတယ်၊ အမြဲတမ်းကြိုဆိုတယ်ဆိုတဲ့အကြောင်းကို ပြောပြလိုက်ပါတယ်"ဟု ဦးမြသန်းက ပြောသည်။

(ဓာတ်ပုံ- ကိုးရီးယားကုမ္ပဏီမှ အကောင်အထည်ဖော်နေသည့် စစ်တွေမြို့ကမ်းနား မြို့ပြစီမံကိန်း)

ဆက်စပ် သတင်းများ