သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့နယ်ရှိ အမျိုးအဆွေရွာလည်ပွဲကို စတင်ကျင်းပ၊လူပေါင်းငါးထောင်ခန့်ပါဝင်ဆင်နွှဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 3.4k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇွန် ၅/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်အုပ်စု၊ ရမ်းပေါက်ကုန်ဘောင်ကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် အမျိုးဆွေရွာလည်ပွဲကို ယနေ့ ဇွန်လ ၅ ရက်နေ့တွင် စတင်ကျင်းပရာ လူပေါင်း ငါးထောင်ခန့် ပါဝင် ဆင်နွှဲနေကြောင်း သတင်းရရှိသည်။

 

ယနေ့ နံနက် ၁၁ နာရီက စတင်ကျင်းပသည့် အမျိုးဆွေရွာလည်ပွဲကို ရမ်းဗြဲမြို့နယ်မှ ဒေသခံများ ပြင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မန်အောင်၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲစသည့်မြို့နယ်များမှ ဒေသခံများလည်း လာရောက်ပြီး ပူပေါင်းဆင်နွှဲနေကြသည်ဟု ရမ်းပေါက်ကုန်ဘောင်ကျေးရွာဥက္ကဋ္ဌ ဦးရွှေတင်က ပြောသည်။

 

အခု ဧည့်သည်တွေ တော်တော်ရောက်နေကြပါပြီ။ ပွဲကိုပါဝင်ဆင်နွှဲမယ့်သူ အနည်းဆုံးက လူပေါင်း ငါးထောင်လောက်ရှိပါတယ်။ တခြားမြို့နယ်တွေကလည်း အများကြီး အခုလမ်းမှာ လာနေကြတာတွေ လည်းရှိပါတယ်။ ဧည့်သည်တွေအတွက်တော့ ထမင်းဟင်းအကုန်လုံးစီစဉ်ထားပြီးပါပြီဟု ၎င်းက ပြောသည်။

 

ရမ်းပေါက်ကုန်ဘောင်ရွာ၏ အမျိုးအဆွေ ရွာလည်ပွဲကို ယနေ့ ဇွန်လ ၅ ရက်နှင့် ၆ ရက်နေ့အထိ နှစ်ရက်ကြာ စည်ကားစွာ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့ပထမနေ့၌ ရွာမြောက်ဘက်မှ ကျေးရွာသားများမှာ ရွာတောင်ဘက်ရှိ နေအိမ်များထံသို့ ဝတ်စားဆင်ယင် မှုအမျိုးမျိုးကို ပုံဖော်ဝတ်ဆင်ပြီး ဆံပင်၊ မျက်နှာများကို အရောင်မျိုးစုံ ခြယ်သပြင်ဆင်ကာ ဆွေပြမျိုးပြအဖြစ် သွားရောက် လည်ပတ်ကြမည်ဖြစ်သည်။

 

ဒီပွဲက ရိုးရာအစဉ်အလာအတိုင်း လုပ်လာတဲ့ပွဲပါ။ ကျွန်တော့်မိဘတွေရဲ့ ဘိုးဘွား လက်ထက်ကတည်းက ဒီပွဲကို လုပ်ခဲ့တာပါ။ အခု ကျွန်တော်တို့က မိရိုးဖလာ လုပ်လာတဲ့ပွဲကို အစဉ်အလာမပျက်ရအောင် ကျွန်တော်တို့က ထိန်းသိမ်းစောင့်ရှောက်တာပါ။ မိုးဥမရောက်ခင် လယ်သမားမိသားစုတွေ တွေ့ဆုံပြီး ပျော်ပွဲရွှင်ပွဲ၊ မိတ်ဆက်ပွဲလိုမျိုးလုပ်တာပါ။ ရွာမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်းရှိပါတယ်။ ဒီနေ့မှာက မြောက်ဘက်ပိုင်းက ရွာသားတွေက တောင်ဘက်ကို သွားပြီး ဆွေမျိုးလည်မှာပါဟုရမ်းပေါက်ကုန်ဘောင်ကျေးရွာဥက္ကဋ္ဌ ဦးရွှေတင်က ဆက်ပြောသည်။

 

ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုစိုးဝင်းထွန်းကကျွန်တော်တို့ ဒီပွဲကိုလာဖို့အတွက် ကျောက်ဖြူမြို့နယ်က ကျေးရွာပေါင်း ၇၀ နဲ့ ရမ်းဗြဲမြို့နယ်က ကျေးရွာပေါင်း ၈၀ ကို ဖိတ်စာ စောင်ရေ ၁၅၀ ရိုက်ပြီး ဖိတ်ထားပါတယ်။ တခြား လက်လှမ်းမီသလောက် ရွာတွေကို ဖုန်းနဲ့ပဲဖြစ် ဖြစ် လှမ်းဖိတ်ထားတာတွေရှိတယ်။ တခြားရခိုင်ပြည်နယ်အတွင်းက ဘယ်သူမဆို ဒီပွဲကို လာရောက် ဆင်နွှဲလို့ ရပါတယ်ဟု ပြောသည်။

 

ထိုပွဲကို အရပ်လူကြီးများနှင့် လူပျို၊ အပျိုများ စုစည်းဦးဆောင်ပြီး နှစ်စဉ်နှစ်တိုင်း လယ်တောမဝင်မီ အချိန် ဇွန်လအတွင်း၌ ကျင်းပပြုလုပ်လေ့ရှိသော်လည်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ကိုဗစ်-၁၉ ရောဂါကြောင့် ယင်းပွဲကို မကျင်းပလိုက်ရကြောင်း သိရသည်။

 

ယင်းကျေးရွာတွင် အိမ်ထောင်စု ၂၅၂ စုနှင့် လူဦးရေ ၁၁၉၈ ဦးရှိကြောင်း သိရသည်။

 

ဓါတ်ပုံ-အင်တာနက်

ဆက်စပ် သတင်းများ