ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တောင်ကုတ် ANP ၏ အင်အားပြမဲဆွယ်စည်းရုံးရေး လူပေါင်းသောင်းချီပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.1k

ခိုင်လူလှ ( ရိုးမမြေ)နှင့် အိမ်စိုးဖြူ
နိရဉ္စရာ၊ အောက်တိုဘာ၂၁/၂၀၂၀

NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦး ဖမ်းဆီးခံရပြီးနောက် ပြည်သူများ အထူးစိတ်ဝင်စားမှု ခံနေရသော တောင်ကုတ်မြို့တွင် ရခိုင်အမျိုးသားပါတီ (  ANP) မှ ယနေ့ အင်အားပြ မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့သည်။

ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လှသက်စိုးက “ ကျွန်မတို့ ဒီနေ့ ပထမအကြိမ် အင်အားပြတာစည်းရုံးရေး လုပ်တာပေါ့နော်။ အင်အားက ခန့်မှန်းလို့တောင်မရဘူး။ အတော်များနေတယ်။ သောင်းချီရှိပါတယ်။ အင်အားပြဖို့ အစီအစဉ်မရှိပေမယ့် ပြည်သူရဲ့ ထောက်ခံမှု ဘယ်လောက် ရှိတယ်ဆိုတာကို ထုတ်ဖော်ပြသဖို့ လိုအပ်လာတဲ့ အတွက် ဒီနေ့ အစီအစဉ်ကို လုပ်ရတာပါ”ဟု ပြောသည်။

ANP အင်အားပြ မဲဆွယ်စည်းရုံးရေးကို တောင်ကုတ်မြို့၊ ချောင်းကုန်းရပ်ကွက်ရှိ တောင်ကုတ်မြို့နယ် ရုံးမှ နံနက် ၈ နာရီခွဲမှ စတင်ခဲ့ပြီး ဦးဥတ္တမလမ်းအတိုင်း ချီတက်ကာ နေ့လယ် ၁၂ နာရီထိ မော်တော်ကားများ၊ ဆိုင်ကယ်များပေါ်တွင် ဆိုင်းဘုတ်များ၊ ပိုစတာများကို တင်ဆောင်ပြီး လှည့်လည် အင်အားပြမှု ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

“ အင်အားကတော့ ပထမ လူပေါင်း ၅၀၀၀ ကျော်လောက်ရှိတယ်။ နောက်ပိုင်း သောင်းနဲ့ချီပြီ ဖြစ်သွားတယ်။ အထူးအားရစရာကောင်းပါတယ်။ တောင်ကုတ်မှာ   ANP အခြေအနေက အထူးကောင်းပါတယ်” ဟု သူမက ပြောကြားသည်။

တောင်ကုတ်မြို့နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တစ်နေရာ စုစုပေါင်း (၃) နေရာသာ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) နေရာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ထားသည်။

ပယ်ဖျက်ခံထားရသည့် ANP တောင်ကုတ်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ကိုသန်းလွင်က “ ကျွန်တော်တို့ တောင်ကုတ်မြို့ဆိုတာက ရခိုင်ပြည်ရဲ့  အလွန်တရာမှ အရေးကြီးတဲ့ နိုင်ငံရေး ဆုံရပ်နေရာတစ်ခုဖြစ်ပါတယ်။ ဒီတောင်ကုတ်မြို့မှာရှိတဲ့ ပြည်သူပြည်သားတွေ အနေနဲ့ ဘယ်လောက်ထိ ကိုယ့်ရခိုင်အမျိုးသားပါတီအပေါ်မှာ ထောက်ခံမှုရှိတယ်ဆိုတာကို ထောက်ခံ ပြသတာ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းမှာ တောင်ကုတ် ဒေသခံ ပြည်သူတွေဟာနိုင်ငံသား ရပိုင်ခွင့်တွေ ဆုံးရှုံးပြီး မဲထည့်ပိုင်ခွင့် မရှိဖြစ်နေပါတယ်။ ဒါတွေကိုလည်း ဒီကနေ့ တောင်ကုတ်ပြည်သူတွေက ဆန္ဒသဘောထား ထုတ်ဖော်ပြသတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်လိုက်သော တောင်ကုတ်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှာ ရခိုင်အမျိုးသားပါတီ အားကောင်းသော နေရာဖြစ်ကြောင်း ၎င်းမဲဆန္ဒနယ်မှ ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးသန်းလွင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“   တောင်ကုတ်မြို့နယ်ရဲ့ မြောက်ဘက်ဖြစ်တဲ့ တန်းလွှဲချောင်း၊ လမုချောင်း၊ မအီချောင်းစတဲ့ နေရာတွေ အပါအဝင် မအီနယ်ထိ ကျွန်တော်ရဲ့ မဲဆန္ဒနယ် တစ်ခုလုံး ရုပ်သိမ်းခံရပါတယ်။ ဒီကနေ့ တောင်ကုတ် မြို့နယ်ရဲ့ နိုင်ငံရေး အခြေအနေအားလုံးကို သုံးသပ်ရရင်တော့ ရခိုင်ပါတီကို မဲပေးမယ် အသံဘဲ ကြားပါတယ်။ ဒါပေမယ့် ရခိုင်ပါတီ နှစ်ပါတီဖြစ်တည်နေမှု အပေါ်မှာ အနည်းငယ်တော့ ယှဉ်ပြိုင် ရလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါပေမယ့် ရခိုင်အမျိုးသားပါတီဟာ ရခိုင်အများစုကို ကိုယ်စားပြု ပါတီဖြစ်တဲ့ အတွက် ဒီနေ့ ဒီအချိန်မှာ ၇၀ ရာခိုင်နှုန်းလောက်တော့ အနိုင်ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်”  ဟု ပြောကြားသည်။

တောင်ကုတ်မြို့နယ်တွင် ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၅၂ အုပ်စု ကို ပယ်ဖျက်ခံထားရပြီး မြို့ပေါ် ၄ ရပ်ကွက်တွင်သာ ရွေးကောက်ပွဲ ကျင်းပမည်ဟု သိရသည်။

ရခိုင်ပြည်နယ်မှ  မြို့နယ် ၉ ခုနှင့် မြို့နယ်တချို့မှ  ကျေးရွာအုပ်စု တချို့တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

၎င်းမြို့နယ် ၉ ခုမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံ တို့ ဖြစ်ကြသည်။

မြို့နယ်တချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများမှ  ကျောက်ဖြူမြို့နယ်မှ ရပ်ကွက်(၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စု၊ အမ်းမြို့နယ်မှ  ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉) အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် (၁ဝ) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂) အုပ်စု တို့ပါဝင်သည်။

ရခိုင်ပြည်နယ်မှ တောင်ကုတ်မြို့နယ်သည် အစဉ်အဆက် ပြည်မပါတီများသာ အနိုင်ရရှိသော မြို့နယ် တစ်ခုဖြစ်ပြီး ၂၀၁၀၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  မှ လွှတ်တော်သုံးရပ်လုံးကို အနိုင်ရရှိခဲ့သော မြို့နယ်ဖြစ်သည်။

လက်ရှိအချိန်တွင် NLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် မနီနီမေမြင့် (ပြည်သူ့လွှတ်တော်)၊ ဦးမင်းအောင် (ပြည်နယ်လွှတ်တော်) နှင့် ဒေါ်ချစ်ချစ်ချော( အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း) တို့ သုံးဦးကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ရက္ခိုင့်တပ်တော် (AA)  က ဖမ်းဆီးထားသဖြင့် တောင်ကုတ်မြို့နယ်၏ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လူအများစိတ်ဝင်စားမှု မြင့်မားနေသည်။

၂၀၂၀ ရွေးကောက်ပွဲတွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့အကြား ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် အနေအထား ဖြစ်နေကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ