အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

UEC က လွှတ်တော်ကိုယ်စားလှယ်လောင်းများအား အာမခံကြေးပြန်ထုတ်ပေးနေပြီဖြစ်သဖြင့် ရခိုင်တွင် ရွေးကောက်ပွဲပြန်ကျင်းပနိုင်ခြေမရှိတော့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 2.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂ဝ/ ၂ဝ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ၂ဝ၂ဝ ပါတီစုံရွေးကောက်ပွဲတွင် ပေးသွင်းထားရသည့် အာမခံကြေးကိုဇန်နဝါရီလ ဒုတိယအပတ်မှ စ၍ ပြန်ထုတ်ပေးနေပြီဖြစ်သဖြင့် ရခိုင်တွင် ရွေးကောက်ပွဲပြန်ကျင်းပနိုင်ခြေမရှိတော့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေး သုံးသပ်လေ့လာသူများက ပြောဆိုလိုက်သည်။

ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုုယ်စားလှယ်လည်းဖြစ်၊ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် အဆိုပါမြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးအောင်သောင်းရွှေက ၄င်းငွေကို ထုတ်ပေးနေသည်မှာဟုတ်မှန်ပြီး ရွေးကောက်ပွဲမကျင်းပခဲ့သည့် နေရာများကို ပြန်ကျင်းပမည်မဟုတ်တော့သည်မှာ သေချာနေပြီဖြစ်ကြောင်း ပြောသည်။

“ရွေးကောက်ပွဲမကျင်းပလို့ ပေးတာပေါ့။ ရွေးကောက်ပွဲမကျင်းပလို့လည်း လွှတ်တော်ခေါ်နေပြီပေါ့။ အခုဟာက သူတို့ကလုပ်ရင်လည်း ကြားဖြတ်ပဲ လုပ်ပေးမယ်ထင်တယ်။ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးမှာ ကျင်းပရင် ဒီမှာလည်း ကျင်းပရမယ်။ ဒီနေရာကို ထားခဲ့တာဟာ ဒီမိုကရေစီလည်းမကျဘူး။ ခွဲခြားဆက်ဆံခံနေရတာပဲ။” ဟု ဦးအောင်သောင်းရွှေက ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ပေါက်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်နေရာအတွက် ရခိုင်အမျိုးသားပါတီ(ANP)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ထွီးကလည်း အဆိုပါငွေများကို UEC က ထုတ်ပေးနေသည်မှာ ဟုတ်မှန်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမလုပ်ပေးတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အနေဖြင့် ထုတ်ပြန်ကြေညာခြင်းမရှိဘဲ ယခုကဲ့သို့ အာမခံကြေးငွေများပြန်ထုတ်ပေးသည်မှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ထောက်ပြပြောဆိုသည်။

“ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ပြည်သူ့လွှတ်တော်စတော့မယ်။ ဆယ်ရက်လောက်ပဲကျန်တော့တယ်လေ။ ရွေးကောက်ပွဲမလုပ်တာကတော့ သေချာသွားပါပြီ။ အဲဒီတော့ လွှတ်တော်စပြီဆိုတာနဲ့ တစ်နှစ်အတွင်းမှာ ရွေးကောက်ပွဲမကျင်းပတော့ဘူး။ လုပ်ချင်ရင် ၂ဝ၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းမှာပဲ လုပ်လို့ရတော့မယ်။ မလုပ်တော့ဘူးလို့ ကြေညာတာမဟုတ်ဘဲ အခုဒီလိုလုပ်တာက UEC ရဲ့ပွင့်လင်းမြင်သာမှုမရှိလို့ပါ။ မလုပ်နိုင်ရင် ဘယ်သူကပဲ တိုက်တွန်းသည်ဖြစ်စေမလုပ်နိုင်ကြောင်း ကြေညာလိုက်ရင်ရှင်းတာပေါ့ဗျာ။” ဟု ပြောသည်။

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဒေါ်တင်လှိုင်ကမူ ရွေးကောက်ပွဲမကျင်းပတော့ဟု ထုတ်ပြန်ကြေညာခြင်းမပြုလုပ်သော်လည်း လွှတ်တော်များ ပြန်ခေါ်နေသည်မှာ အားလုံးသိပြီဖြစ်ပြီး ရွေးကောက်ပွဲပြန်ကျင်းပ၊ မကျင်းပဆိုသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်သာ သက်ဆိုင်ကြောင်း ပြောသည်။

“ အခုက အားလုံးသိတဲ့အတိုင်းပဲ လွှတ်တော်တွေကလည်း ခေါ်နေပြီ။ အမျိုးစုံတော့ ဒီကြားထဲမှာ ဖြစ်သွားတာပေါ့လေ။ ဘယ်လိုပြောမလဲ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒုတိယအကြိမ်လွှတ်တော်ပြန်ခေါ်ပေးဖို့တောင်း။ အဲဒီကလည်း ကျင်းပဖို့အခြေအနေမရှိ။ ဒီလိုတွေရှိတယ်ပေါ့။ ဆုံးဖြတ်ဖို့ကျတော့ ပြည်နယ်ကော်မရှင်နဲ့ မဆိုင်ဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့သာဆိုင်တယ်” ဟုပြောသည်။

၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများဖြစ်နေသည့်အတွက် လုံခြုံရေးအရ မြို့နယ် ၉ မြို့နယ်နှင့် ကျေးရွာအများအပြားတွင် ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သလို ဒေသခံပြည်သူ ၁၂ သိန်းကျော်မှာလည်း မဲပေးခွင့်ဆုံးရှုံးခဲ့သည်ဟု သိရသည်။

ယင်းသို့ ရခိုင်မှ မြို့နယ်အများစုတွင် ရွေးကောက်ပွဲမကျင်းပခဲ့သည့််အတွက် ပြီးခဲ့သည့်ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်ဟု ယူဆနေကြသည့်အတွက် ပြန်လည်ကျင်းပပေးရန် ရက္ခိုင့်တပ်တော်(AA)နှင့် တပ်မတော်တို့အပါအဝင် ဒေသခံပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်စုံတရာတု့ံပြန်မှု မရှိခဲ့ပေ။

ဆက်စပ် သတင်းများ