ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ပြန်လည် လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မတ် ၁၇ / ၂၀၂၁

 

တစ်လကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော တစ်နိုင်ငံလုံး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအားလုံး ယနေ့ တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရသည်။

 

ဖမ်းဆီးထိန်းသိမ်းခံထားရရာမှ ပြန်လွတ်မြောက်လာသူ  ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဌေးအောင်ခိုင်က ဒီနေ့ နာရီခွဲလောက်က ပြန်လွှတ်ပေးလိုက်ပါတယ်။ ကျနော်တို့ကို ဖမ်းဆီးတာတော့ မဟုတ်ဘူးဗျ။ ခေါ်ထားတာပါ။ နေရာတွေကတော့ အတိအကျတော့ ဘယ်လိုပြောလို့ ပြောရမလဲမသိဘူး။ တစ်နေရာနဲ့ တစ်နေရာမတူဘူးဗျ။ တပ်ထဲမှာခေါ်ထားတာပါ။ တပ်ထဲက အရာရှိ အိမ်တစ်အိမ်မှာ ထားပါတယ်ဟုပြောသည်။

 

အလားတူ သံတွဲခရိုင် ရွေးကော်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်သိန်းလည်း ပြန်လည် လွတ်မြောက်လာကြောင်း ၎င်းက အတည်ပြု ပြောကြားသည်။

 

ရခိုင်ပြည်နယ်မှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညအချိန်က တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ရခိုင်ပြည်နယ်မှ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှာ တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် အတွင်းရေးမှူး ဒေါ်အိသဇင်ကျော်၊ ကျောက်ဖြူခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် အတွင်းရေးမှူး ဦးဌေးအောင်ခိုင်၊ ရမ်းဗြဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျင်သောင်း၊ အမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ချေ၊ ဂွမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်ဆန်းနှင့် မာန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစန်းလွင်တို့ဖြစ်ကြောင်း သိရှိရသည်။

 

တစ်နိုင်ငံလုံးက ဖမ်းဆီးခံထားခဲ့ရသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအားလုံးကို ပြန်လွှတ် ပေးလိုက်ပြီဖြစ်ကြောင်းကို စစ်ကိုင်းတိုင်း ရွေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးက RFA သတင်းဌာနကို အတည်ပြုပြောဆိုကြောင်း သတင်းဖော်ပြထားသည်။

ဆက်စပ် သတင်းများ