သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

၁၃ သြဂုတ်ဆန်ပြသနာနေ့အခမ်အနား တစ်ကိုယ်တော် ပြုလုပ်သည့် မာန်အောင်မြို့နယ်မှ လူငယ်တစ်ဦး၏နေအိမ် ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 445

အိမ်စိုးဖြူ

နိရဥ္စရာ၊ သြဂုတ် ၁၄/၂ဝ၂ဝ

မာန်အောင်မြို့နယ်၊ ကျွန်းရွာတွင် (၅၃) နှစ်မြောက် ၁၃ သြဂုတ် စစ်တွေ ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားအား တစ်ကိုယ်တော်ပြုလုပ်ခဲ့သည့် လူငယ်တစ်ဦး၏ နေအိမ်ကို ရဲတပ်ဖွဲ့မှ လာရောက် စစ်ဆေးခဲ့သည်ဟု သိရသည်။ 

၎င်းလူငယ်မှာ မာန်အောင်မြို့နယ်၊ စစ်ကဲတော်အုပ်ကျေးရွာမှ လူငယ်တက်ကြွလှုပ်ရှားသူ ကိုသီဟထွန်း(၂၃)နှစ် ဖြစ်သည်။ 

“ကျွန်တော်တို့ ရွာမှာလာမေးတယ်။ ရဲနှစ်ယောက်ပေါ့။ ညနေကျတော့ ကျနော်နေခဲ့တဲ့ အဖွားအိမ်ကိုလာမေးမြန်းတာတွေရှိတယ်။ ဆွေမျိုးတွေ၊ အဖွားကအစပေါ့ မှတ်ပုံတင်နံပတ်တွေတောင်းတယ်။ ကျွန်တော့်အကြောင်းတွေ မေးသွားတယ်။ မိသားစုတွေက စိုးရိမ်ကြတာပေါ့။သူတို့က ကျွန်တော့အတွက်ကို ပိုစိုးရိမ်နေကြတယ် ” ဟု ကိုသီဟထွန်းက ပြောသည်။

ဆန်ပြသာနာနေ့ အခမ်းအနားကို မာန်အောင်မြို့နယ် ကျွန်းကျေးရွာတွင် တစ်ကိုယ်တော် ပြုလုပ်ပြီးနောက်ပိုင်း ယမန်နေ့ ည ၆ နာရီခန့်က သူနေထိုင်ခဲ့သည့် စစ်ကဲတော်အုပ်ကျေးရွာ အဖွားဖြစ်သူ၏ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များမှ လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ရဲတပ်ဖွဲ့ဝင်များမှာ ဆားချက်ရဲစခန်းမှဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေးသဖြင့် မိသားစုဝင်များမှာ စိုးရိမ် ထိတ်လန့်ခဲ့ရကြောင်း ၄င်းကပြောသည်။

“ သြဂုတ်လ ၁၃ ရက်နေ့ဆိုတာ ကျွန်တော်တို့ရဲ့ ရခိုင်ပြည်သူတွေစစ်တွေမြို့ လမ်းမတွေပေါ်မှာ သတ်ဖြတ်ခံရတဲ့ နေ့ တစ်နေ့ဖြစ်တယ်လေ။ အဲဒါကြောင့် ဒီကနေ့အချိန်ထိ အဲဒီနေ့ကို  ကျွန်တော်တို့ ရခိုင်လူငယ်တွေ အမှတ်ရနေတယ်ဆိုတဲ့ အချက်တစ်ချက်ရယ်။  နောက်ပြီး ကျွန်တော်တို့ရဲ့ ဒီမာန်အောင်က လူငယ်တစ်ယောက်အနေနဲ့ ရခိုင်တစ်ပြည်နယ်လုံးနဲ့ ထပ်တူဆိုပြီး ဝမ်းနည်းအောက်မေ့တဲ့ အနေနဲ့ ကျွန်တော် တစ်ယောက်တည်း ကမ်ပိန်းသဘောမျိုး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်”ဟု သူကဆက်ပြောသည်။

လက်ရှိတွင် ကိုသီဟထွန်းမှာ မာန်အောင်မြို့နယ် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင် လူငယ် တစ်ဦးဖြစ်ကာ လူမှုရေးလုပ်ငန်းများတွင် တက်ကြွတွင် ပါဝင်နေသူတစ်ဦးဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဝေက အဆိုပါ လူငယ်၏ နေအိမ်အား ဝင်ရောက်စစ်ဆေးခြင်းအပေါ် တစ်စုံတစ်ရာ သိရှိထားခြင်းမရှိကြောင်း ပြောကြားသည်။

စစ်တွေနည်းပညာကောလိပ်တွင်လည်း ၅၃ နှစ်မြောက် ဆန်ပြဿနာနေ့ ဝမ်းနည်း အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ကြသည့်  ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က ကျောင်းသား ခေါင်းဆောင်များ၏ အချက်အလက် များကို  ရဲတပ်ဖွဲ့ဝင်အချို့မှ မေးမြန်းစစ်ဆေးခဲ့မှုများ ရှိခဲ့သည်ဟု  ၄င်းကျောင်းသား သမဂ္ဂအဖွဲ့ တာဝန် ရှိသူများက ပြောကြားသည်။

 ရခိုင်ပြည်နယ်တွင် ဆန်စပါးရှားပါး၍ အငတ်ဘေးကြုံတွေ့ရသဖြင့် ၁၉၆၇ ခုနှစ် သြဂုတ် ၁၃ ရက်နေ့က စစ်တွေမြို့တွင် ဆန္ဒြုပ ပွဲ ပေါ်ပါက်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် လူအများအပြား   သေဆုံးခဲ့သည်။ ဆန္ဒပြပွဲတွင် ပါဝင်သူများက လူပေါင်း ၂ဝဝ ကျော် ၃ဝဝ နီးပါး သေဆုံးခဲ့သည်ဟု ပြောဆိုသော်လည်း အစိုးရက ၁၇ ဦးသာ သေဆုံးခဲ့သည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါနေ့ကို ရခိုင်ပြည်နယ်တွင်သာမက ပြည်ပရောက် ရခိုင်အမျိုးသားများက ဝမ်းနည်းဖွယ် အောက်မေ့အထိမ်းအမှတ်နေ့ သတ်မှတ်ပြီး နှစ်စဉ် သြဂုတ် ၁၃ ရက်နေ့ရောက်တိုင်း အခမ်းအနား ကျင်းပကြသည်။ ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းမှ စပြီး သြဂုတ် ၁၃ ဆန်ပြဿနာနေ့ကို ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာကျင်းပခွင့်ရရှိခဲ့သော်လည်း ယခုနှစ်တွင် စစ်ဆေးမှုများရှိလာခဲ့ခြင်း ဖြစ်သည်။ 


ဆက်စပ် သတင်းများ