စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

နိုင်ငံတော်မှ အခြေခံလူတန်းစားများကိုထောက်ပံ့သည့်ငွေ ၂ဝဝဝဝကျပ်တွင် ၁၃ဝဝဝ ကျပ်သာရရှိဟု သဲတက်ရွာသားများဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 4.9k

ကိုသူရ

နိရဥ္စရာ၊ သြဂုတ် ၁၅ /၂ဝ၂ဝ

ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတက်ကျေးရွာအုပ်စုတွင် နိုင်ငံတော်မှ ထောက်ပံ့ကူညီသည့် ငွေ ၂ဝဝဝဝ ကျပ်တွင် ၁၃ဝဝဝ ကျပ်သာ ရရှိသဖြင့် ကျေနပ်မှုမရှိကြောင်း မိသားစုဝင်များက ပြောသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ညွှန်ကြားချက်အရဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အုပ်စုတာဝန်ရှိသူအချို့မှ စာရွက်စာတန်းနှင့် ခရီးစရိတ်ဆိုပြီး အိမ်ထောင်စုတစ်စုလျှင် ၇ဝဝဝ ကျပ်ကို ဖြတ်တောက်ယူထားကြောင်း သဲတက်ကျေးရွာမှ ကိုသန်းရွှေက ပြောသည်။

“ ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲလည်း နီးနေပြီ။ နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရ ဌာနဆိုင်ရာတွေ အပြောင်းအလဲရှိတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့် အရလုပ်တယ်။  တိုင်ချင်ရာ သွားတိုင်နိုင်တယ်။ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့လည်း ခုလို အချိန်မျိုးမှာ ကိုင်တွယ်ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ အုပ်စု တာဝန် ရှိသူတွေက ကျနော်ကို ပြောပါတယ်” ဟု ၎င်းကပြောသည်။ 

သဲတက်အုပ်စု လက်မဆိပ်ကျေးရွာမှ ဦးကျော်နုက ယခုကိစ္စမှာ နိုင်ငံတော်မှ ချမှတ်ထားသည့် ညွှန်ကြားချက်၊ စည်းကမ်းနှင့် မကိုက်ညီသဖြင့် ကျေးရွာရှိရပ်မိရပ်ဖများမှ ဤကိစ္စအပေါ် အထက်ဌာနဆိုင်ရာအသီးသီးသို့ တိုင်ကြား သွားမည်ဖြစ်ကြောင်း ပြောသည်။ 

ယခုထောက်ပံ့ငွေနှစ်သောင်းကျပ်မှာ  အိမ်ထောင်တစုရှိ ကိုယ်ဝန်ဆောင်၊ တစ်နှစ်အောက် ကလေး သူငယ်များနှင့် ပုံမှန်ဝင်ငွေ မရှိသည် အခြေခံလူတန်းစားများအား ထောက်ပံ့ ကူညီသည့် ငွေဖြစ်ကြောင်း ၎င်းက ပြောသည်။  

သဲတက်အုပ်စုစာရေးက  "ကျွန်တော်တို့ဟာ ကျေးရွာအတွင်း အားလုံးမျှမျှတတဖြစ်သွားအောင်လို့ ခုလို စီစဉ်တာပါ။ ငွေမရတဲ့သူတွေကျတော့ စိတ်မကောင်းဖြစ်တယ်လို့ ပြောဆိုသံတွေထွက်လာတာကြောင့်  စာရင်း ပေးထားတဲ့သူရော၊ စာရင်းမပေးထားတဲ့သူတွေပါ ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်မိသားစု ထောက်ပံ့ကြေး ၁၃ဝဝဝ ကျပ် ရရှိကြတာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျေးရွာအတွင်း ရှင်းလင်း ပြောပြပီးသားဖြစ်ပါတယ်။ အစည်းတွေလုပ်ပြီး မပြောသေးတာက ကိုဗစ် ၁၉ ကာကွယ်ရေးနဲ့ လူမစုရတဲ့ အတွက် မလုပ်ဖြစ်သေးတာပါ” ဟု  နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတက်အုပ်စုတွင် သဲတက်ကျေးရွာနှင့်လက်မဆိပ်ကျေးရွာ နှစ်ရွာရှိပြီး အုပ်စုအတွင်း တွင် အိမ်ခြေ ၃၆ဝ ကျော်၊  လူဦးရေ ၂ဝဝဝ ပတ်ဝန်းကျင်ရှိကြောင်း ကျေးရွာ၏ စာရင်းမှတ်တမ်းအရသိရသည်။


ဆက်စပ် သတင်းများ