သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စင်္ကာပူမှပြန်ပို့ခံရသူရခိုင်လူမျိုး ၆ဦးကိုထိန်းသိမ်းထားသည်မှာ ၅ရက်ခန့်ရှိပြီဖြစ်သော်လည်း ဆက်သွယ်မရသဖြင့်မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 1.2k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၁၆/၂ဝ၁၉

စင်္ကာပူမှ ပြန်ပို့ခံရသည့် ရခိုင်လူမျိုး ၆ ဦးနှင့် ကားဒရိုင်ဘာတစ်ဦးအား မြန်မာရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည်မှာ ၅ ရက်ရှိနေပြီဖြစ်သော်လည်း ယခုအချိန်ထိဆက်သွယ်မရရှိသေးသဖြင့် အထူးစိုးရိမ်နေကြသည်ဟု မိသားစုများက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူများမှာ ရခိုင်စင်္ကာပူအသင်း ဥက္ကဋ္ဌ ကိုဟိန်းဇော်၊ ဒုဥက္ကဋ္ဌ မမေကြီး(ခ) မမေမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုအောင်မြတ်ကျော်၊ ကိုအေးထွန်း နှင့်ရဲကျော်ထက် တို့ဖြစ်ပြီး ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံရ ရာတွင် အငှားကားမောင်းလိုက်ပို့သူ ကိုမြတ်လင်းဦးဆိုသူ တစ်ဦးလည်း ပါရှိကြောင်း ၄င်းမိသားစုဝင်များ ပြောပြချက်အရ သိရသည်။

ကိုတင်လိူင်ဦးဖခင်ဖြစ်သူ ဦးထွန်းတင်အား ယနေ့ မွန်းလွဲ ၂ နာရီ ၁ဝ မိနစ်က ဆက်သွယ်မေးမြန်းရာ ယနေ့ထိ တွေ့ခွင့်မရသလို မည်သည့်နေရာသို့ ရောက်ရှိနေမှန်းမသိရ၍ အထူးစိတ်ပူနေကြောင်း နိရဥ္စရာသို့ ပြောကြားသည်။

“ မနေ့က ကျွန်တော်တို့အောင်သပြေစစ်ကြောစခန်းမှာရှိနေတယ်လို့ သတင်းရတဲ့ အတွက် အဲဒီနေရာကို လိုက်သွားပါတယ်။ အဲဒီကတာဝန်ရှိသူတွေက သူတို့ဆီမှာ မရှိဘူးလို့ ပြောပါတယ်။ အခု သူတို့ ပျောက်နေပါတယ်။ ဒီအတွက် အထူးစိုးရိမ်နေပါတယ်” ဟု ဦးထွန်းတင်က ပြောကြားသည်။ 

ကိုတင်လိူင်ဦးသည် ဇူလိူင် ၁၁ ရက်နေ့က မန္တလေးရှိ ဆွေမျိုးများသို့ သွားရောက်စဉ် လမ်းတွင် ပျောက်ဆုံးသွားပြီး ယခုအချိန်ထိ အဆက်အသွယ်မရသေးဟု ဆိုသည်။

“ သူက မြန်မာနိုင်ငံ ပြန်ရောက်ပြီးဆိုပြီး ကျနော်ကိုဖုန်းဆက်ပါတယ်။ သူတို့ကိုလေဆိပ်မှာလည်း မဖမ်းဘူးလို့ ပြောပါတယ်။ အဲတော့ ကျနော်ကလည်း သားကိုစိတ်ပြေလက်ပျောက် မင်းအမျိုးတွေဆီ သွားလည်လိုက် တစ်လ လောက်သွားနားနေလိုက်။ ပြီးမှ အလုပ်လေးပါလေး တခုခုလုပ်ရမှာပေါ့ ဆိုပြီး မန္တလေးဘက်ကဆွေးမျိုးတွေဆီ လွှတ်လိုက်တာပါ။ ဖမ်းခံရပြီးတဲ့နောက် လုံးဝ အဆက်အသွယ်မရတော့ပါ”ဟု ဦးထွန်းတင်က ပြောသည်။

အငှားကားမောင်းလိုက်ပို့သူ ကိုမြတ်လင်းဦး၏ ညီကိုကိုဦးက “ကျနော်အကိုက ၁၁ ရက်နေ့ ၁ဝနာရီ ဝန်းကျင်လောက်က ဟိုက်ဝေးကို အော်ဒါပါသွားတယ်ဆိုပြီး အိမ်ကိုဖုန်းဆက်ခဲ့တယ်။ ဟိုက်ဝေးပါတယ်ဆိုပြီး အမေကို ဖုန်းဆက်ခဲ့တယ်။ ဆိုတော့ အဖမ်းခံရတာကိုလည်း မသိဘူး။ သတင်းတက်လာမှသိရတာပါ။ အဆက်အသွယ်လည်း မရ။ ဘယ်နားမှာရှိမှန်းလည်းမသိ။ ရဲဌာနကလည်း အကြောင်းမကြားဆိုတော့ ကျနော်တို့က စိုးရိမ်နေကြပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သူတို့အား ဘာကြောင့် ဖမ်းဆီးသည်ကို အတိအကျမသိရကြောင်း၊ စင်္ကာပူနိုင်ငံအစိုးရဌာနဖြစ်သည့် ရဲနှင့် လဝက ကခေါ်ယူပြီး သူတို့အား AA နှင့် အဆက်အသွယ် အပါအဝင် ငွေကြေးထောက်ပံ့မှု ရှိ/ မရှိ စစ်ဆေး မေးမြန်းမှုများရှိခဲ့ကြောင်း၊ စစ်ဆေးမေးမြန်းပြီး နောက် မြန်မာနိုင်ငံသို့ ၎င်းတို့ ၆ ဦးအား ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာစဉ် တစ်ချို့မှာ လေဆိပ်၌ အဖမ်းခံရပြီး တစ်ချို့မှာ ရန်ကုန်မြို့ပြင်တွင် ဖမ်းဆီးခဲ့ရသည်ဟု သိရသည်။

ရခိုင်(စင်္ကာပူ)အသင်းဥက္ကဋ္ဌ ဦးဟိန်းဇော်အား ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲက  မြန်မာအမျိုးသား လေကြောင်းဖြင့်  ရန်ကုန် လေဆိပ်သို့ အရောက်တွင်  သတင်းတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပြီး ၎င်းနေ့ ည ၁၁ နာရီခန့်တွင် ရခိုင်(စင်္ကာပူ)အသင်းမှ ဦးအောင်မြတ်ကျော်နှင့် ဦးထွန်းအေး တို့သည် စင်္ကာပူနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိလာစဉ် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီး ထိန်းသိမ်းလိုက်သည်ဟု သိရသည်။ 

အလားတူ ဇူလိုင်လ ၁၁ ရက်နေ့တွင်ပင် ရခိုင်(စင်္ကာပူ)အသင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲကျော်ထက်အား စမ်းချောင်းမြို့နယ် ကျွန်းတော(တောင်)ရပ်ကွက်၊ မအူပင်လမ်းနေအိမ်မှ သတင်းတပ်ဖွဲ့က စစ်ဆေးရန် ထိန်းသိမ်းခဲ့ပြီး
ရခိုင်စင်္ကာပူအသင်း ဒုဥက္ကဋ္ဌ မမေကြီး(ခ) မအေးမြတ်မွန်နှင့် ကိုတင်လိူင်ဦး တို့အား ဇူလိူင် ရန်ကုန်-မန္တလေး အမြန်လမ်း ၂ဝ၁ မိုင်တိုးဂိတ်တွင် ဖမ်ဆီး ထိန်းသိမ်းခံခဲ့ရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ