ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ခရီးစဉ်အတွင်း ဂျပန်ရောက်ရခိုင်လူမျိုးများ ဆန္ဒပြမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6k

စိုးဇံအောင်
နိရဥ္စရာ၊အောက်တိုဘာ ၂ဝ/၂ဝ၁၉

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်အတွင်း ဂျပန်နိုင်ငံကို ရောက်ရှိနေသည့် ရခိုင်လူမျိုးများက ကန့်ကွက်ဆန္ဒပြမည်ဟု သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရက္ခိုင့်တပ်တော် AA ကို အမြစ်ပြတ်ချေမှုန်းရန်အတွက် မှာကြားခဲ့သည့်အတွက် ၄င်း၏ ဂျပန်ခရီးစဉ်တွင် ကန့်ကွက်ဆန္ဒပြမည်ဖြစ်ကြောင်း ရက္ခိုင်လူငယ် များအစည်းအရုံး-ဂျပန်(Arakan Youths Union-Japan) ဥက္ကဋ္ဌ ကိုကျော်သန်းလှိုင်က နိရဥ္စရာ သို့ပြောသည်။

“ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် ဂျပန်ခရီးစဉ်မှာ ဆန္ဒပြမယ့် ရည်ရွယ်ချက်က သူက  ရက္ခိုင့်တပ်တော် AA ကို အမြစ်ပြတ် ချေမှုန်းဖို့ တပ်မတော်ကို ဖိအားပေးတာဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ စစ်ပွဲကို ပိုမိုကြီးထွား အောင်လုပ်တဲ့ ကိစ္စဖြစ်နေပါတယ်။ ဒါလုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ ပြီးရင် ဒီမိုကရေစီလို့ ကြွေးကြော်ပြီး တက်လာတဲ့ NLD အစိုးရက ငြိမ်းချမ်းရေးကို တည်ဆောက်မယ့်အစား ခုလို စစ်ရေးနည်းနဲ့ ပြသနာကို ဖြေရှင်းဖို့ ဆောင်ရွက်တာမျိုးက လုံးဝမလုပ်သင့်ပါဘူး။ ဒီအတွက် ကျွန်တော်တို့ ကန့်ကွက်ဆန္ဒပြသွားမှာ ဖြစ်ပါတယ်”ဟု ကိုကျော်သန်းလှိုင်က နိရဥ္စရာသို့  ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဂျပန်ဧကရာဇ်၏ ထီးနန်းဆက်ခံပွဲကို တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ မြန်မာသံရုံးကို ရောက်လာသည့်အချိန်တွင် ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒါကတော့ ဒီမိုကရေစီလေဗျာ။ ဒီမိုကရေစီမှာ ရွေးကောက်တက်လာတဲ့ အစိုးရကိုဘဲဖြစ်ဖြစ်၊ ခေါင်းဆောင်ကိုဘဲ ဖြစ်ဖြစ် နိုင်ငံသူ နိုင်ငံသားတွေက မကျေနပ်ချက်တွေရှိရင် ဆန္ဒပြခွင့်၊ ကန့်ကွက်ပိုင်ခွင့်ရှိတယ်လေ။ ကျွန်တော်တို့လည်း နိုင်ငံသားတွေပဲလေ။ ကန့်ကွက်ပိုင်ခွင့်၊ ဆန္ဒပြပိုင်ခွင့်ရှိတယ်။ ဒီလို ဆန္ဒပြတာကို မလုပ်ရဘူးလို့ တားတယ်ဆိုရင် ဒါက ဒီမိုကရေစီကို ဆန့်ကျင်တာပါဘဲ” ဟု ၎င်းက ပြောကြားသည်။ 

ယင်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံကို ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများက တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး လူဦးရေ ၁ဝဝ ဝန်းကျင်ခန့်မှန်းထားကြောင်း ကိုကျော်သန်းလှိုင်က ဆက်ပြောသည်။

ရက္ခိုင့်တပ်တော် AA သည် အကြမ်းဘက်သောင်းကျန်းသူ အဖွဲ့အစည်းဖြစ်သည့်အတွက် လျင်မြန်စွာ ပြတ်ပြတ်သားသားချေမှုန်းရန် ၂ဝ၁၉ ခုနှစ်၊ဇန်နဝါရီလ ၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ဆက်စပ် သတင်းများ