သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အလောင်းသယ်နာရေးကားပေါ်မှလူများ ရိုက်နှက်ထုထောင်းခံရဟုပြော၊ တပ်ဘက်ကငြင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.6k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၃/၂ဝ၁၉

ရန်ကုန်မြို့တွင် သေဆုံးသွားသူ မင်းပြားမြို့နယ် မင်းဖူးရွာမှ ဒေါ်သန်းသန်းရီ အလောင်းအား မင်းပြားမြို့နယ်သို့ သယ်ယူလာသည့် နာရေးကားပေါ်တွင် ပါလာသူများအား ယောချောင်းတံတားတွင် တပ်မတော်သားအချို့က ရိုက်နှက်ထုထောင်းမှုများ ပြုလုပ်ကြောင်း ကားပေါ်ပါလာသူများကပြောဆိုသော်လည်း တပ်က ရိုက်နှက်စရာ အကြောင်း မရှိဟုဆိုကာ ငြင်းဆိုသည်။

နိုဝင်ဘာ ၁၁ ရက် ညဉ့် ၁၂ နာရီ အချိန် အဆိုပါ အလောင်းတင် နာရေးကားအား မြေပုံမြို့နယ် ယောချောင်းတံတား၊  ရာမောင်ဘက် ခြမ်းသို့ ရောက်ရှိစဉ် နာရေးကားပေါ်တွင် တပ်က ကားပေါ်မှ ဆင်းခိုင်းပြီး အကြောင်းမဲ့ ရိုက်နှက်ကာ သေနတ်ဘောင်များဖြင့် ထုထောင်းမှုများ ပြုလုပ်ခဲ့သည်ဟု ရိုက်နှက်ခံခဲ့ရသူများက ပြောဆိုသည်။ 

နာရေးကားနှင့် အတူ လိုက်ပါလာသည့် ကွယ်လွန်သူ ဒေါ်သန်းသန်းရီ၏ ယောကျ်ားဖြစ်သူက “ ကျနော်တို့ အလောင်း သယ်ယူလာတာကို ဒီလိုသယ်သွားလို့ကို ရမလား ဆိုပြီးပြောပါတယ်။ ဆရာဝန်မှာ ဆရာဝန်အလုပ်၊  လူနာ ကို ကုသရမှာ သူတို့တာဝန်။ ငါတို့မှာ စစ်တိုက်ရမယ့် တာဝန် ငါတို့တာဝန်။ အဲလိုပြောပါတယ်။ လူနာကို ဒီလိုသယ်သွားလို့ ရမလား။ မရဘူးလို့ပြောပါတယ်။ ဒီမှာ သင်္ဂြိုလ်လို့ရတယ်။ မီးရှို့လို့ရတယ် အဲလိုပြောပါတယ်။ နောက်ပြီးတော့ လူတွေကို ဘယ်ရွာကလဲလို့ မေးပါတယ်။ ရွာတွေကိုမေးတယ်။ မေးပြီးတာနဲ့ ရွာကိုသိရင် သူတို့မကျေနပ်တဲ့ရွာကဆိုရင် အဲဒီရွာက ပါတဲ့လူတွေ အားလုံးကို ရိုက်တယ်။  သေနတ်ဘောင်နဲ့ ထောင်းတယ်။ ကျနော့်မှာ သေနတ်ဘောင်နဲ့ ခါးကို ရိုက်လို့ အခုထိ နာနေတယ်။ မိန်းမသဂြိုလ်ပြီးတာနဲ့ စစ်တွေကို ဓာတ်မှန်ရိုက်ဖို့ သွားရမယ်” ဟု ပြောသည်။ 

ရိုက်နှက်ရာတွင် စစ်သား သုံးယောက် လေးယောက်လောက် ပါဝင်ပြီး   နာရေးကူညီမှုအသင်းမှ ကားမောင်းလာသူ  ဗမာလူငယ်တစ်ဦးကိုလည်း ရိုက်နှက်သဖြင့် လက်တွင် ထိခိုက်ဒဏ်ရာရရှိသွားပြီး နုတ်ခမ်းလည်း ကွဲသွားသည်ဟု ၎င်းက ဆိုသည်။ 

“ ကျနော်တို့ကားမှာဆိုရင် ၂ယောက်။ လူအိုတစ်ယောက်ဆိုရင် လေးယောက်အရိုက်ခံရပါတယ်။  လူအို ကိုလည်း ရိုက်ပါတယ်။ အဲဒီလူအိုက ကျနော့်ယောက္ခမပါ။ အလောင်းက ကျနော် ဇနီးအလောင်းပါ။ ကျနော့်အိမ်ရှင်မ နာမည်က သန်းသန်းရီပါ။ အသက်(၃၂) နှစ် ရှိမယ်။ ဘာဖြစ်လို့ ဆုံးသွားလဲ ဆိုတော့ အသားဝါရောဂါနဲ့ ဆုံးသွားတာပါ။ အဲဒီရောဂါနဲ့ သေသွားတာပါ။  စစ်သားကို အဲလိုပြောပြလို့လည်းမရဘူး။ ပြောပြရင် ဆဲတယ်။ ဆဲပြီး ရင် ရိုက်နှက်ပါတယ်။ ကျနော်တို့မှာ နာရေးကူညီမှု အသင်းကားတစ်စီး  အဲကားတစ်စီးမှာ လူအားလုံး ၅ယောက် အလောင်းကို စောင့်ပြီး လိုက်ပါလာတာပါ။  အလောင်းတွေကိုလည်း ဟိုကဖြဲကြည့် ဒီကဖြဲကြည့်တယ်။  အပေါက်တွေကို ကြည့်တယ်။ AA မလား၊ AAလား အဲလိုမေးပါတယ်။ ကျနော်က မဟုတ်လို့ပြောတယ်။ မင်းဘာလုပ်စားလဲ မေးတယ်။ ကျနော်ကလည်း လယ်လုပ်စားတယ်လို့ ပြောပါတယ်။ မင်းကဘာအဆင့်လဲ ဘယ်နှရစ်လဲ။ အေအေမှာ ဘာအဆင့်လဲလို့ ကျနော့်ကိုမေးပါတယ်။  ကျနော့်က မဟုတ်ပါဘူးဆိုရင် ရိုက်ပါတယ်။ ဆေးရုံက ဖိုင်တွဲတောင်း ပါတယ် သူတို့က။ ဖိုင်မရှိပါလို့ပြောပါတယ်။ ကျနော်က ဆေးရုံက ပေးလိုက်တဲ့ ထောက်ခံစာကို ပြတယ်။ မရဘူး။  ဖိုင်မရှိဘူးလားလို့ နာရေး ကားသမားကို မေးတယ်။ ကားသမားကိုလည်း ရိုက်တယ်။ အားလုံးကားထက်က လူတွေကိုလည်း ရိုက်ပါတယ်။ နောက်ပြီးတော့ အဲဒီမှာ အကုန်လုံးကို ထိုင်ခိုင်းထားပါတယ်။ အားလုံး မှောက်နေရတယ်။ သူတို့က သေနတ်နဲ့ နှစ်ချက် သုံးချက် ဒိုင်း ဒိုင်းနဲ့ ပစ်ပါတယ်။ အားလုံး ပြားပြီး ဝပ်နေရတယ်။  ကျနော့်ကို အရမ်း ခြေထောက်နဲ့ ကန်တယ်။ သေနတ်ဘောင်နဲ့ ခါးကို ရိုက်တယ်။ အခုတောင်မှနေမကောင်းဘူး။ မျက်လုံးတစ်ဘက် ကျနော့်ကို ရိုက်ပစ်တာ။ ခါးကို ကန်ကျောက်တယ်။ ကျနော့်ကို ရွာကို ပြောလို့ ကျနော်တို့ ရွာနားတွေမှာ တိုက်ပွဲဖြစ်တယ် လို့ပြောတယ်။ ကျနော်က တစ်ခုမှမသိ ကျနော်တို့ လယ်လုပ်စားနေတာလို့ပြောတယ်။ ဒါဆို အရမ်းရိုက်တယ်။ တရားလွန်ပါတယ်။ ဂိတ်တွေအကုန်လုံးကို ဖြတ်ပြီးပြီ။ ဘာမှ မဖြစ်ဘူး။  အဲဒီ ယောချောင်း တံတားနားမှာဘဲ အရိုက်နှက်ခံရတာပါ” ဟုရိုက်နှက်ခံရမှုနှင့် ပတ်သက်ပြီး ၎င်းက ပြောကြားသည်။

ဒေါ်သန်းသန်းရီမှာ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာ ဆေးရုံတွင် ကွယ်လွန် သွားခဲ့ပြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ဂရုဏာလက်များ လူမှုကူညီရေး အသင်း၏ နာရေးကားဖြင့် ပို့ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။ 

နာရေး ကားမောင်းသူ လူငယ်က “ ကျနော်တို့ကိုတော့ ရန်ကုန်ကလား မေးမြန်းပြီးတော့ စစ်ဆေးတယ်။ စစ်ဆေးတော့ ကျနော်တို့လည်း ဘာမှမသိဘူး။ ကျနော်တို့က အလောင်းပို့တာဘဲရှိတာဆိုတော့ အဲဒါနဲ့ ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုပြီးတော့ ရိုက်တာ။ ကျနော်ကတော့ အထုလည်း ခံရတယ်။ အရိုက်လည်းခံရတယ်ဆိုတော့ နုတ်ခမ်းတွေလည်းကွဲ၊ လက်တွေမှာလည်း ကျိုးလားတော့မသိဘူး။ ကျနော်က ရန်ကုန်ကပါ။ ရန်ကုန်မြောက်ဒဂုံကပါ။ ဒဂုံနာရေးကားကပါ။ ဟုတ်ကဲ့ ကျနော့်မှာ လက်လည်းကျိုးသွားပါတယ်။ အရမ်းနာနေပါတယ်” ဟု ပြောကြားသည်။

နာရေးကားပေါ်မှ လူများကို ရိုက်နက် ထုထောင်းကြောင်း ပြောဆိုမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား မေးမြန်းရာ ၎င်းက “ ရိုက်တာ နှက်တာ မရှိဘူးခင်ဗျာ။ ခေါ်ပြီးမေးတာဘဲရှိတာပါ။ ဒီလို လုပ်တာ မဟုတ်ဘူး။ ကျနော်တို့ ဘာမှ မလုပ်တဲ့ အတွက် ဘာမှပြန်ပြောစရာ အကြောင်းမရှိဘူး” ဟု ပြောကြားသည်။

-----------------------------

Unicode



နိရဉ်စရာ၊ နိုဝငျဘာ ၁၃/၂ဝ၁၉





   



ဆက်စပ် သတင်းများ