ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ် ကျေးရွာနှစ်ခုမှ ရွာသားများထွက်ပြေးနေစဉ် နေအိမ်များဖျက်ဆီးခံရပြီး ပစ္စည်းများ ယူဆောင်ခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 6.4k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ငတောက်တူချေကျေးရွာနှင့် ဘူးသီးတောင်မြို့နယ် ကျိန်ကျောင်ကျေးရွာထဲသို့ စစ်ကြောင်းဝင်လာ၍ ရွာသားများ ထွက်ပြေးနေကြစဉ် အိမ်များနှင့် စျေးဆိုင်များမှ  ပစ္စည်းများ ဖောက်ထွင်း ယူဆောင်ခံခဲ့ရကြောင်း ကာယကံရှင် ကျေးရွာ သားများက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်က ရသေ့တောင်မြို့နယ် ငတောက်တူချေ ကျေးရွာ အတွင်းသို့ အင်အား ၈ဝ ခန့် ရှိသော တပ်မတော် စစ်ကြောင်း တစ်ခု ဝင်ရောက်လာသဖြင့် ရွာသားများထွက်ပြေးသွားစဉ် အိမ်များနှင့် စျေးဆိုင်များမှ စားသောက်ကုန်ပစ္စည်းများနှင့် ငွေအချို့ ယူဆောင်ခံရကြောင်း  ငတောက်တူချေကျေးရွာမှ ကုန်စုံဆိုင်ပိုင်ရှင် မကြည်ရီက ပြောသည်။

" ရသေ့တောင် အခြေစိုက်  ၅၃၆နှင့် ၅၃၈ တပ်ရင်းက စစ်သားတွေ ဝင်လာတာပါ။  ဆိုင်ပေါ်က ပစ္စည်း ၅ သိန်းဖိုးလောက်ပါသွားပါတယ်။ သူတို့လာတာနဲ့ ကျွန်မတို့က ထွက်ပြေး နေကြရပါတယ်။ ရွာကို မဝင်ခင် သေနတ် လေးချက်ပစ်တယ်။ စစ်သားတွေ လာတယ်ဆိုတာနဲ့ ဘာမှ မယူခဲ့ရဘူး။ ထွက်ပြေးရတယ်။  ချောင်းတွေထဲ ဆင်းပုန်းရပါတယ်။ ဆိုင်က စားကုန်ဆိုင်ပါ ကျွန်မမှာ။ သေတ္တာ ထဲက အဝတ်တွေကို ယူသွားတယ်။ သေတ္တာတွေကို ဖြိုခွဲပစ်ခဲ့ကြပါတယ်။ ဓါးတွေက အစ ယူသွားကြပါတယ်။ ရွာကို  အဲဒီနေ့ မနက် ၉ နာရီ လောက်ကမှ စဝင်လာတာပါ။ ကျွန်မတို့ ညနေပိုင်း သူတို့ ထွက်သွားပြီး အိမ်ကို ရောက်တာနဲ့ ပစ္စည်းတွေကို ဗလပွ ပြန့်ကြဲပြီး ပြန်တွေ့ လာရပါတယ်။ မလိုချင်တဲ့ အဝတ်အစားတွေကိုလည်း အကုန် လွှင့်ပစ်ပြီး ထားခဲ့ပါတယ်။ ဆိုင်ပစ္စည်းတွေလည်း အကုန်တစ်ခုမှ မကျန်ခဲ့ပါဘူး" ဟု မကြည်ရီက ပြောဆိုသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ ၁၄ဝ ကျော်နှင့်၊ လူဦးရေ ၄ဝဝ ကျော်ခန့်ရှိပြီး၊ စျေးဆိုင်များမှ စားကုန်များ၊ ဆန်များ၊ အဝတ်အထည်များ၊ အိမ်ဆောက်ရန် လုပ်ထားသည့် အိမ်တိုင်လုံးများကို ကားနှင့်တင်ပြီး  ယူဆောင်သွားကြောင်း ငတောက်တူချေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြအေးက အတည်ပြု ပြောဆိုသည်။

"အခုလူက ဘယ်သူမှ ရွာမှာ မနေရဲတော့ပါဘူး။ ထွက်ပြေးသွားကြပါပြီ။ အဲဒီနေ့က စစ်သားတွေ ရွာထဲ မဝင်ခင် ရွာမှာ လူက ၃ဝ လောက်ရှိပါတယ်။ အခုသူတို့လည်း ထွက်ပြေးနေကြတယ်။ စစ်သား တွေက ရွာမှာ ပစ္စည်းတွေ ယူတာ ယူတယ်။ ဖြိုခွဲတာ ဖြိုခွဲပြီး ထားခဲ့တယ်။ ငွေတွေလည်း ယူသွားပါတယ်။ သေနတ်တွေ ပစ်ပြီး ရွာထဲဝင်လာတဲ့ ကိစ္စကိုတော့ ထူးခြား ဖြစ်စဉ် အနေနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တင်ပြထားပါတယ်" ဟု ငတောက်တူချေကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောဆိုသည်။

ငတောက်တူချေ ကျေးရွာနေ  ဒေါ်မိုးမိုးနွယ် အိမ်နှင့် ဦးမောင်ဝင်းချေ အိမ်မှ အိမ်တိုင်များကို ယူဆောင် သွားကြောင်း၊ ဦးအောင်သိန်းလှ၏ နေအိမ်မှ ငွေကျပ် ၁ သိန်းခွဲနှင့် ဒေါ်မေဦးခင်၏ အိမ်မှ ငွေကျပ်၂ သိန်းယူသွားကြောင်း ကျေးရွာသားများက ပြောသည်။

ငတောက်တူချေကျေးရွာမှ ကျေးရွာသားတစ်ဦးက “သူတို့က တပ်ရင်းဘက်က အသီးသီး ထွက်လာကြပြီး ရွာကိုဝင်လာကြတာပါ။ သူတို့တပ်ရင်းနဲ့ ကျွန်တော်တို့ရွာက နီးနီးလေးပါ။ ချောင်းလေး တစ်ချောင်းပဲ ကြားမှာ ရှိပါတယ်။ သူတို့ ဝင်လာတာကို ကျွန်တော်တို့ မြင်နေရ ပါတယ်။ သူတို့က ရွာမှာကျန်နေခဲ့တဲ့ လူကြီး ၄ ယောက်ကျန်ခဲ့တာကို ခေါ်ပြီး သူတို့က ရွာသားတွေ ဘာလို့ထွက်ပြေးကြတာလဲ မေးတယ်လို့ သိရပါတယ်။ သူတို့က အိမ်တွေကို တက်ပြီး အကုန်မွှေနှောက် ပါတယ်။ ၅၃၆၊ ၅၃၈ တပ်ရင်းကပါ။ သူတို့ ရွာကို ဝင်လာကတည်းက သေနတ်တွေ ပစ်ပြီး ဝင်လာကြပါတယ်။ အဝတ်တွေကို ယူတယ်။ တီဗွီတွေ၊ ဘောက်စ်တွေကို အကုန်ယူပါတယ်။ ကျွန်တော်တို့ရွာရဲ့တစ်ဖက်က ချောင်း ရှိပါတယ်။ အဲဒီကနေ မြင်ရပါတယ်။ သူတို့က အဝတ်အစားတွေ အကောင်းတွေကို အကုန်ယူပြီး၊ နွမ်းနေတဲ့အဝတ်တွေကို လွှင့်ပစ်ခဲ့ပါတယ် "ဟု နိရဥ္စရာသို့ ပြောသည်။

 ကျေးရွာအနီး တိုက်ပွဲ ဖြစ်၍ ၂ဝ၁၉ခုနှစ် စက်တင်ဘာလအတွင်းမှစ၍ ရသေ့တောင်မြို့နယ် အလယ်ရွာကျေးရွာ၊ ပြင်ခေါင်ရွာကျေးရွာ၊ ပြားချောင်းကျေးရွာနှင့် ရသေ့တောင်မြို့ပေါ်တို့၌ ထွက်ပြေး ခိုလှုံနေကြသဖြင့် အခင်းဖြစ်ပွားချိန်တွင် ရွာတွင် ကျေးရွာသား အနည်းငယ်သာ ရှိကြောင်း သိရသည်။

အဆိုပါ တပ်မတော်သားများသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ရွာထဲသို့ ဝင်လာပြီး  ညနေ ၄ နာရီခန့်တွင် ကျေးရွာမှ ထွက်ခွာသွားကြပြီး ယင်းမြို့နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က နိရဥ္စရာသို့ ပြောသည်။

ဦးခင်မောင်လတ်က " ၅၃၆နဲ့ ၅၃၈ တပ်ရင်းကလို့ သိရပါတယ်။ တိုက်ပွဲ ဖြစ်တာလည်း မရှိဘူး။ သေနတ်တွေလည်း ပစ်ဖောက်တယ်လို့ ရွာသားတွေက ပြောတယ်။  စျေးဆိုင်တွေက ပစ္စည်းတွေ၊ အဝတ်အစားတွေ၊ အိမ်ဆောက်ဖို့အတွက် ထားတဲ့ တိုင်လုံးတွေလည်း ယူသွားတယ်လို့ သိရပါတယ်။ ကားပေါ်တင် ယူသွားတယ်လို့ သိရတယ်။ စုစုပေါင်း သိန်း ၅ဝ ဖိုးလောက် ပါသွားတယ်လို့ သိရပါတယ် "ဟု ပြောသည်။

ယခုကဲ့သို့ ကိစ္စမျိုးကို လွှတ်တော်တွင် တင်ပြဆွေးနွေးခွင့် မရရှိသဖြင့် နယ်လုံဝန်ကြီးနှင့် လူ့အခွင့်အရေး ကော်မရှင်တို့ကိုသာ တိုင်ကြားသွားရန် စီစဉ်ထားသည်ဟု ပြောသည်။

“ ကျွန်တော်ထင်တာက ရသေ့တောင်မှာ အခြေစိုက်တဲ့ တပ်ရင်းတွေကို အေအေက တိုက်ခိုက်ခဲ့တာ ၂ ကြိမ်ရှိတယ်။ လွန်ခဲ့နှစ် ၁၁ လပိုင်း ၁၅ရက်နေ့က တစ်ခါ၊ ဒီလ ၁၁ ရက်နေ့က တစ်ခါ အေအေကနေ တပ်ရင်းသုံးခုစလုံးကို တိုက်ခိုက်ခဲ့တာရှိတယ်။ ဒီတိုက်ခိုက်တာဟာ ဒီအနီးအနားက လာတာလို့ ယူဆပုံရတယ်။ အဲဒါကြောင့် ဒီရွာတွေကို အဲဒီနေရာတွေမှာ သူတို့က မထားစေချင် တာ့ဘူးလို့ ထင်တယ်။ ဒါကြောင့် ရွာသားတွေ မနေရဲအောင် ခြိမ်းခြောက်တယ်လို့ မြင်ပါတယ်” ဟု ယခု လုပ်ရပ်နှင့် ပတ်သက်ပြီး ဦးခင်မောင်လတ်က ပြောဆိုသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

အလားတူ ဘူးသီးတောင်မြို့နယ် ကျိန်ကျောင်ကျေးရွာတွင်လည်း တပ်မတော် စစ်ကြောင်း တစ်ခုမှ ယခု ၁၈ ရက်နေ့က ရွာထဲဝင်လာပြီးနောက် ၂၂ ရက်နေ့က  ပြန်ထွက်သွားစဉ် နေအိမ်များရှိ ပစ္စည်းများကို ရစရာ မရှိအောင် ဖျက်ဆီးသွားခဲ့သည်ကို ကျေးရွာသားများမှ မြင်တွေ့ခဲ့ရသည်ဟု ပြောကြားသည်။

“ တစ်ရွာလုံးကို ရစရာမရှိအောင်ဖျက်ဆီးသွားပါတယ်။ အဝတ်အစားတွေ အကောင်းဟူ သမျှ ယူဆောင်သွားတယ်။ မကောင်းတာဆိုရင် အကုန်လွင့်ပစ်သွားခဲ့ကြတယ်။ ရွှေတွေက အစဝှက်ထားတယ်ထင်ပြီး မြေကြီးက အစတူးသွားတယ်။ ဘုန်းတော်ကြီးကျောင်း အလှူခံ သေတ္တာက အစ ဖောက်သွားတယ်။ ဓာတ်မီးတိုင်တွေကိုလည်း ရိုက်ချိုးပစ်တယ်။ ကြက်ငှက်ဝက် ဘာဆို ဘာမျှ မရှိတော့ဘူး” ဟု ကျိန်ကျောင်းကျေးရွာက အမျိုးသမီး တစ်ဦးက ပြောသည်။

ကျိန်ကျောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက “ ရွာက အခြေအနေတွေကိုတော့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို တာဝန်အရ တင်ပြထားပါတယ်။ ကျေးလက်က လှူထားတဲ့ရွာက ဓာတ်မီးတိုင်  တွေကိုလည်း လဲပစ်ခဲ့ပါတယ်။ ဝက်တွေကို သတ်စားသွားတာ မရှိဘူး။ ကြက်တွေတော့ သတ်စားသွားတယ်။ ရွာတစ်ခုလုံးကိုတော့ ရစရာမရှိအောင် လုပ်သွားခဲ့ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံအား ဆက်သွယ်ရာ ကျိန်ကျောင်ကျေးရွာဖျက်ဆီးခံရသည်ဟု သတင်းရရှိကြောင်း၊ ကျပ်သိန်းရာနှင့် ချီပြီး ပျက်စီးသွားသည်ဟု ရွာသားများက သတင်းပေးပို့ထားကြောင်း၊ ၎င်းကိစ္စကို တိုင်ကြားလျှင်လည်း ထူးမည် မဟုတ်ကြောင်း၊ သို့သော်လည်း ဓာတ်ပုံမှတ်တမ်းများ စုဆောင်း နေကြောင်း ပြောကြားသည်။

ကျိန်ကျောင်ကျေးရွာသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် တည်ရှိပြီး အိမ်ခြေ ၅ဝ ခန့်ရှိသော ကျေးရွာငယ် တစ်ရွာ ဖြစ်ကြောင်း သိရသည်။

-----------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၄/ ၂ဝ၂ဝ



















ဆက်စပ် သတင်းများ