ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မျောက်တောင်ရွာသား ၉ ဦးကို တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားဟု ရွာလူကြီးများဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 9.3k

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၁၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာမှ ရွာသား ၉ ဦးကို တပ်မတော် စစ်ကြောင်း တစ်ခုက ခေါ်ဆောင်သွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ကျေးရွာလူကြီးများက ပြောသည်။

ယနေ့ နံနက် ၉ နာရီခွဲခန့်က တပ်မတော်စစ်ကြောင်းတစ်ခုသည် မျောက်တောင် ကျေးရွာထဲသို့ ဝင်ရောက်လာပြီး ရွာသားများ ဖြစ်ကြသည့် ဦးသန်းနိုင်၊ ဦးကျော်ထွန်းလှ၊ ဦးစံလှထွန်း၊ ဦးထွန်းဝင်း၊ ဦးစိန်မောင်၊ ဦးသာထွန်းအောင်၊ ဦးလှမောင်သိန်း၊ မြောက်ဦးမှ ၎င်းရွာတွင် လက်သမား လာလုပ်နေသည့် ဦးမောင်သိန်းနှင့် ၎င်းကျေးရွာမှ ဒေါ်မငွေပုံ၏ သမီးဖြစ်သူနှင့် အိမ်ထောင် ကျနေသည့် ဗမာလူမျိုးတစ်ဦးတို့ကို ခေါ်ဆောင်သွားသည်ဟု  ပြောသည်။

မျောက်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက “ ရွာထဲက ကျွန်တော်အိမ်ထဲ  ရေတွင်းတူးနေတဲ့ အချိန်မှာ ခေါ်သွား တာပါ။ ကျနော်တို့ရွာမြောက်ဘက်က ဘုရားတောင်ပေါ်ကိုခေါ်သွားတယ်။ ဖမ်းသွားတာလား။ လမ်းပြခေါ်သွားတာလား မပြောနိုင်ဘူး။ ခေါ်တော့ခေါ်သွားပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မျောက်တောင်ကျေးရွာ မြောက်ဘက်ရှိ ဘုရားပေါ်သို့ ခေါ်သွားကြောင်း၊ ကျေးရွာ အတွင်း အလုပ်လုပ်နေသူများကို တပ်ကခေါ်ဆောင်သွားသည့်အတွက် ကျန်ကျေးရွာသား အချို့လည်း ထိုသို့ခေါ်ဆောင်ခံရမည်ကို စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးပုန်းရှောင်နေရကြောင်း ၄င်းက ဆက်ပြောသည်။

ကျေးရွာအတွင်းမနေရဲဘဲ တစ်ခြားကျေးရွာတစ်ရွာသို့ ထွက်ပြေး ရောက်ရှိနေသည့် မျောက်တောင် ကျေးရွာသားတစ်ဦးက “ကျနော်တို့ အခုနားလေးကမှ ရွာကနေထွက်ပြေးလာတာပါ။ ရွာမှာ မိန်းမနဲ့ ကလေးတွေပဲကျန်တယ်။ ယောကျ်ားတွေ အကုန်လုံးဒီမနက်က ထွက်ပြေးကြရတယ်။ ဘာကြောင့် ခေါ်သွားတယ်ဆိုတာ မပြောတတ်ဘူး။ အခေါ်ခံရရင် မလွယ်ဘူး ” ဟု ပြောသည်။

ယမန်နေ့က မျောက်တောင်ကျေးရွာ၏ အပေါ်ပိုင်းမှ ဆင်းလာသည့် တပ်မတော်စစ်ကြောင်းမှာ မျောက်တောင် ကျေးရွာ အတွင်းသို့ိ ဝင်ရောက်လာခြင်းမရှိခဲ့ကြောင်း မျောက်တောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

၄င်းအမျိုးသမီးက“ဥက္ကဋ္ဌအိမ်မှာ အဝီဇိရေတွင်းတူးနေတယ်လို့ပြောပါတယ်။ အဲဒီ ကနေ ခေါ်သွားတယ် လို့ပြောပါတယ်။ မနေ့ကတော့ ချောင်းဖျားကဆင်းလာတဲ့ စစ်ကြောင်းက မျောက်တောင်ဘက်ကို ရောကပေမယ့် မဝင်ခဲ့ဘူးလို့ပြော တယ်။ ဒီနေ့မနက်က ရွာထဲကို ဝင်လာတဲ့ စစ်ကြောင်းက အောက်ပိုင်းကနေ တက်လာတဲ့ စစ်ကြောင်းလို့ သိရပါတယ်” ဟု ပြောသည်။

တပ်က ခေါ်သွားသည်ဟု မျက်မြင်ကျေးရွာသားများက ပြောဆိုထားသည့်အတွက် မည်သည့် အတွက်ကြောင့် ခေါ်ဆောင်သွားသည်ကို မေးမြန်းတင်ပြရန် အနောက်ပိုင်း  တိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံသို့ နိရဥ္စရာသတင်းဌာနမှ ယနေ့ နေ့လယ် ၂ နာရီခန့်က ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရရှိသေးပါ။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း ထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တပ်ကရွာသားများအား ခေါ်ဆောင်သွားခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“အဲဒီက ကျေးရွာအုပ်ချုပ်ရေးမှူး ပြောတာက မာလာကလည်း ၃ ယောက်ကို ခေါ်သွားတယ်။ သူတို့  မျောက်တောင်ရွာက ၁ဝ ယောက်ခေါ်ရာမှာ  ၁ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။ အဲဒီမတိုင်ခင် သာစည်ရွာဘက်ကခေါ်လာတဲ့ လူလည်းရှိတယ်လို့ပြောတယ်။ အဲဒီ သာစည်ရွာက လူတွေကိုတော့ လမ်းမှာ လွှတ်ပေးခဲ့တယ်လို့သိရတယ်။ ရွာသားပြောသလိုဆိုရင် အဲဒီသတင်းက အတည်ပြုလို့ရတယ် ” ဟု ဦးဦးထွန်းဝင်းက ပြောသည်။

ယခုလအတွင်း ကျောက်တော်မြို့နယ်မှ ကျေးရွာအချို့ဖြစ်ကြသည့် တင်းမကျေးရွာသစ်၊ တင်းမကြီးကျေးရွာ၊ မာလာကျေးရွာနှင့် မျက်တောင်ကျေးရွာမှ ရွာသားအချို့ကို တပ်မတော် စစ်ကြောင်းများက ဖမ်းဆီးခေါ်ဆောင် မှုများရှိနေပြီး၊ ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် မာလာကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျေးရွာသား ၅ ဦးကို ၃ ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု ကာယကံရှင် အဖမ်းခံရသူများက နိရဥ္စရာသို့ ပြောဆိုထားသည်။

ယင်းအပြင် တင်းမကျေးရွာသစ်မှ မတ်လ ၁၃ ရက်နေ့က ကျေးရွာသား ၈ ဦးအား မျက်နှာကို အင်္ကျီဖြင့် စည်း၍ နောက်ပြန်ကြိုးတုတ်ကာ တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရက်သတ္တ ပတ်ကြာမြင့်နေပြီ ဖြစ်သော်လည်း ယခုအချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးသဖြင့် အထူးစိုးရိမ်နေကြောင်း ဖမ်းဆီးခံရသူထဲမှ ဦးလှကျော်ကြီး၏ ဇနီးဖြစ်သူ ဒေါ်လှစိန်နုက ပြောသည်။

တင်းမကြီးကျေးရွာမှ မတ်လ ၁၆ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသား ၁ဝ ဦးမှာလည်း ယခုထိပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း မိသားစုများက ပြောသည်။ 

-----------------------------------

Unicode


















ဆက်စပ် သတင်းများ