သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

သံသယဖြင့်ဖမ်းဆီးခံရပြီး ထောင်ထဲ ၇လ ကျော်နေခဲ့ရသည့် ပညာရေးဝန်ထမ်းနှစ်ဦး အမှုမမြောက်၍ ပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 6.5k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇူလိုင် ၂၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အလက အငူမော်ကုန်တန်းကျောင်းမှ ကျောင်းဆရာတစ်ဦးနှင့် ကျောင်းစာရေးတစ်ဦးတို့သည် သံသယဖြင့် ဖမ်းဆီးခံခဲ့ရပြီး စစ်တွေထောင်ထဲတွင် ၇ လနေခဲ့ရကာ အမှုမမြောက်၍ ယခုလ ၁၇ ရက်နေ့က ပြန်လွတ်လာခဲ့သည်။

၎င်းပညာရေးဝန်ထမ်း ၂ ဦးမှာ အငူမော်ကုန်တန်းကျေးရွာမှ အလယ်တန်းပြ ကျောင်းဆရာ ဦးကျော်ဆန်းနိုင် (၃၄) နှစ်နှင့် ကျောင်းစာရေး ကိုနေဇော်ထွန်း (၂၂)တို့ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရာမှ ပြန်လည် လွတ်မြောက်လာသူ ကိုနေဇော်ထွန်းက “ ကျွန်တော်ဖုန်းထဲကနေ မသင်္ကာစရာ ဓာတ်ပုံတွေတွေ့တယ်ဆိုပြီး ဖမ်းဆီးပြီး အကြမ်းဖက်မှု ၅ဝ (က)နဲ့ ၅၂ (က) တို့နဲ့ စစ်တပ်က ဗိုလ်မှူး တစ်ဦးကနေ အမှုဖွင့် တရားစွဲတာပါ။ စစ်တွေ ထောင်ထဲမှာ ခုနှစ်လကျော်နေခဲ့ရပါတယ်။  ဒီလ ၁၇ ရက်နေ့က သက်သေတွေကို စစ်ဆေးပြီးတဲ့နောက်မှာအမှုမမြောက်တဲ့ အတွက် စစ်တွေခရိုင် တရားရုံးက လွှတ်ပေးလိုက်တာပါ” ဟု ပြောသည်။ 

ကျောင်းဆရာ ဦးကျော်ဆန်းနိုင်နှင့် ကိုနေဇော်ထွန်းအား တပ်မတော် စစ်ကြောင်းတစ်ခုမှ အငူမော်ရွာအနီးတွင် ဗုံးပေါက်ကွဲပြီးနောက် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖုန်းထဲမှ မသင်္ကာစရာများတွေ့သည်ဟု ဆိုကာ ဖမ်းဆီးခဲ့သည်။

“ အခုလို မတရားသဖြင့် အဖမ်းခံရပြီး ထောင်ထဲမှာ နေခဲ့ရတယ်။ အချိန်တွေ ကုန်ဆုံးပြီး စီးပွားရေး လူမှုရေးပိုင်းမှာ အထူးနစ်နာခဲ့ရပါတယ်။ ကျွန်တော်ရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်ခဲ့ရပါတယ်။ ဘာမှလည်း လက်ဆုတ်လက်ကိုင် သက်သေ အထောက်အထားမရှိဘဲနဲ့ အလိုလို ဖမ်းဆီးခဲ့တာပါ။ အခု အလုပ်ကို ပြန်ဝင်ဖို့ ဆက်သွယ်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

အဆိုပါ အငူမော်ကုန်တန်းကျေးရွာအနီးတွင် လွန်ခဲ့သည့်နှစ် နိုဝင်ဘာ ၃ဝ ရက်နေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲ၍ နွားကျောင်းနေသူ အသက် ၁၄ နှစ်အရွယ် မောင်ကျော်သက်ဦး သေဆုံးခဲ့သည်။

၎င်းနောက် လဝက၊ ရဲနှင့် တပ်မတော်သားအချို့တို့သည် ဒီဇင်ဘာ ၃ ရက်နေ့က အငူမော်ကုန်တန်းကျေးရွာသို့ ရောက်ရှိလာကာ ကျေးရွာအတွင်း လူစု၍ အိမ်ထောင်စုစာရင်းများနှင့် မှတ်ပုံတင်များအား စစ်ဆေးခဲ့ပြီး ညနေ ၃ နာရီခန့်တွင် ကျောင်းဆရာဦးကျော်ဆန်းနိုင်နှင့် ကျောင်းစာရေး မောင်နေဇော်ထွန်းတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

(ဓာတ်ပုံ- အငူမော်ဆိပ်ကမ်း/photo by Narinjara)


ဆက်စပ် သတင်းများ