- Web Master
- ၀၈ ဖေဖော်ဝါရီ ၂၀၂၂
အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇူလိုင်၂၇/ ၂ဝ၂ဝ
ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ်တွင် ရက္ခိတပြက္ခဒိန်ကို သွားရောက်ရောင်းချသည့်အတွက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တရားစွဲဆို ထောင်ချခံခဲ့ရသည့် လူငယ် လေးဦးအထဲမှ သုံးဦးမှာ ချုပ်ရက်စေ့၍ ယနေ့ နံနက်က ပုသိမ်အကျဉ်းထောင်မှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။
ပြန်လည်လွတ်လာသူများမှာ ကိုကောင်းမြတ်သူ(၃ဝ)နှစ်၊ကိုဗိုလ်ဆန်း(၃၆)နှစ်နှင့် ကိုဝင်းဗိုလ်(၂၈)နှစ် တို့ ဖြစ်ကြသည်။
ပြက္ခဒိန်ထုတ်ဝေသူ ကိုသိန်းမြတ်အောင်ကို ထောင် ၂ နှစ်လ ၆လ၊ ကူညီလိုက်ရောင်းပေးသူနဲ့ တက်စီဖြင့် ပို့ပေးသူ သုံးဦးဖြစ်သည့် ကိုကောင်းမြတ်သူ၊ ကိုဗိုလ်ဆန်းနှင့် ကိုဝင်းဗိုလ်တို့ကို ထောင် ၂ နှစ်စီ ဧရာဝတီတိုင်း ငပုတောမြို့နယ်တရားရုံးမှ ၂ဝ၁၉ခုနစ် ၊ နိုဝင်ဘာ ၁၈ ရက်နေ့က ချမှတ်ခဲ့သည်။
“ ကျွန်တော်တို့ သုံးဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မ(၁၇/၁)ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။ ရက္ခိတပြက္ခဒိန်ထုတ်ဝေသူ ကိုသိန်းအောင်မြတ်ကိုတော့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ(၁၇/၁) အပြင် တရားမဝင်ပုံနှိပ်ထုတ်ဝေမှု ပုဒ်မတို့နဲ့ ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံခဲ့ပါတယ်” ဟု လွတ်လာသူ ကိုကောင်းမြတ်သူက ပြောသည်။
၄င်တို့သုံးဦးမှာ ၂ နှစ်မပြည့်ပဲ လျှော့ရက်များဖြင့် ၁ နှစ်နှင့် ၄လကျော်ကြာ ပုသိမ်ထောင်ထဲတွင် နေခဲ့ရသည်ဟု သူကဆက်ပြောသည်။
“ ပြန်လွတ်လာလို့ လောလောဆယ်တော့ ပျော်နေတယ်။ဒါပေမဲ့ ရှေ့ဆက်ရမယ့် ဘဝ ခရီးအတွက် မတရားမှုတွေနဲ့ ဆက်ရင်ဆိုင်ရအုန်းမလားတွေးတောပြီး ပူပန်မိတယ်။ ဘယ်လိုပြောချင်လဲဆိုတော့ ဥပဒေရေးရာ အရေရော၊ တရားရေးရာအရပါ ကျွန်တော်တို့ ထောင်ချတာ လုံးဝ ခိုင်မာမှု မရှိသလို မမှန်မကန် အပြစ်ဒဏ်ခံရတဲ့အတွက် စိတ်မကောင်းဘူး” ဟုပြောသည်။
ပြက္ခဒိန် ထုတ်ဝေ ရောင်းချသူ ကိုသိန်းအောင်မြတ်မှာ လွှတ်မြောက်လာခြင်း မရှိသေးသလို သူ့ကို မြောင်းမြထောင်သို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။
ရက္ခိတပြက္ခဒိန်ထုတ်ဝေသူ ကိုသိန်းအောင်မြတ်၏ ဇနီးဖြစ်သူ မမိုးသန္တာခင်က “ ကျမယောကျ်ားကို အစတုန်းက ပုသိမ် ထောင်မှာ ပဲထားတာပါ။ ဇူလိုင်လ ၁ ရက်နေ့က မြောင်းမြထောင်ကိုပို့ပစ်တယ်။ အေအေနဲ့ ဆက်သွယ် တယ်ဆိုပြီး သူတို့ကိုဖမ်းခဲ့တာပါ။ ပြက္ခဒိန်မှာ ရခိုင်ပြည်နဲ့ ပတ်သက်တဲ့ နေ့ထူးနေ့မြတ်တွေ အကုန် ထည့်ထားလို့ပါ။ ဘာမှ ထူးတာမပါပါဘူး။ သူတို့ဖုန်းတွေထဲက ဦးဥတ္တမပုံတွေတွေ့တယ်တဲ့။ ပြီးတော့ ဖေ့စ်ဘုတ် ထဲကနေ ဖုန်းထဲသိမ်းထားတဲ့ ဗွီဒီယိုဖိုင်တွေကို သက်သေထုတ်ပြီး ထောင်ချပစ်ခဲ့တာပါ။ အခု သုံးယောက် ပြန်လွတ်လာတော့ ဝမ်းသာပါတယ်။ ကလေးတွေ အဖေကျွန်မရဲ့ ယောကျ်ားအတွက် စဉ်းစားရင် စိတ်မကောင်း ဘူးပေါ့” ဟုပြောသည်။
၄င်းတို့ လေးဦးမှာ ပြက္ခဒိန်ရောင်းချရန်အတွက် ခရီးထွက်သွားကြရာ ဟိုင်းကြီးကျွန်းတွင် ၂ဝ၁၈ ခုနစ် ဧပြီလ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း သူမကဆက်ပြောသည်။
၄င်းရက္ခိတပြက္ခဒိန်ကို ထုတ်ဝေရောင်းချသည်မှာ (၃) ကြိမ်ခန့်ရှိနေပြီ ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အများဆုံးရောင်းချခဲ့ရပြီး တစ်နိုင်ငံလုံးရှိ ရခိုင်လူမျိုးများက ဝယ်ယူအားပေးခဲ့သည့် ပြက္ခဒိန်တစ်ခုဖြစ်ကြောင်း သူမကဆက်ပြောသည်။