ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်တော်တောပန်ဇင်းရွာမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးအေးမောင်နှင့် အဆက်အသွယ်မရ၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.4k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၁၂/၂ဝ၂ဝ

ကျောက်တော်မြို့နယ်တောင်ပိုင်း၊ တောပန်ဇင်းရွာမှ ဦးအေးမောင် (၅၇) နှစ်ကို သြဂုတ် ၁ဝ ရက်နေ့က စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရသဖြင့် အထူးစိုးရိမ်နေသည်ဟု ဇနီးဖြစ်သူ ဒေါ်စိန်ယဉ်နုက နိရဥ္စရာသတင်းဌာနသို့ ယနေ့နံနက်က ပြောကြားသည်။

“ ကျွန်မယောကျ်ားက ရွာချင်းဆက်နေတဲ့ စံပယ်လှရွာကို ဟိုတစ်ရက်နေ့ နေ့ခင်း ၁ နာရီလောက်မှာ အိမ်ကနေ ဆေးလိပ်ဝယ်ဖို့ထွက်သွားပါတယ်။ အဲဒီမှာ စစ်တပ်က ဖမ်းပြီးခေါ်သွားတယ်လို့ ပြောပါတယ်။ အခုအချိန်ထိ အိမ်ပြန်မရောက်တဲ့ အတွက် အလွန်စိုးရိမ်နေပါတယ်” ဟု ဇနီးဖြစ်သူ ဒေါ်စိန်ယဉ်နုက ပြောကြားသည်။

၎င်းတို့တွင်သားသမီး ၃ ဦးရှိပြီး လယ်အနည်းငယ်ကို လုပ်စားနေသူမိသားစုဖြစ်ကာ ဦးအေးမောင်မှာ စကားကို လည်လည်ဝယ်ဝယ်ပြောတတ်သူ မဟုတ်ကြောင်း ဇနီးဖြစ်သူက ဆိုသည်။

“ ကျွန်မတို့ ယောကျ်ားကို ခေါ်သွားတယ်လို့ဆိုတဲ့ ကွမ်းအုံချောင်းက စက်ရုံကို လိုက်သွားပါတယ်။ စစ်သားတွေရှိပါတယ်။ ကျွန်မတို့ကို လုံးဝ မဝင်ရပါ။ တစ်ခေါက်ထက် နှစ်ခေါက်မလာနဲ့လို့ ပြောပါတယ်။ အခု ဘယ်ကိုတိုင်လို့ တို်င်ရမှန်း မသိတော့ပါ” ဟု ဒေါ်စိန်ယဉ်နုက ပြောဆိုသည်။

တောပန်ဇင်းကျေးရွာသည် သင်္ဂနက် ကျေးရွာအုပ်စုထဲတွင် ပါဝင်သဖြင့် ၎င်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးလှကျော်ဖြူသို့ ဆက်သွယ်ရာ စစ်တပ်က ဖမ်းဆီးသွားသည်ဟု ရွာသားများကပြောကြောင်း သူက  ပြောဆိုသည်။

“ လိုင်းကားချေ အဖြူချေ နှစ်စီးနဲ့ တပ်က လိုက်ဖမ်းနေစဉ်မှာ စံပယ်လှရွာ ကံကော်လက်ကြားကနေ ဖမ်းပြီး ကားပေါ်တင်သွားတယ်လို့ ကျနော်က ကြားရပါတယ်။ စစ်တပ်က ဖမ်းသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။ ဒီကိစ္စကို မြို့နယ် အုပ်ချုပ်ရေးမှူးကိုတော့ မတင်ပြရသေးပါ။ ရွာစာရေးကိုတော့ ဒီလို ဦးအေးမောင်တစ်ယောက် အဖမ်းခံရတယ်ဆိုတာတော့ ပြောထားပါတယ်။ သူက ဟိုဟာဒီဟာ အရှုပ်အရှင်း မရှိပါ။ ဒီလိုနေထိုင်တဲ့သာမန်ရွာသားတစ်ယောက်ပါ။ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့သူ တစ်ယောက်ပါ” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

တောပန်ဇင်းရွာမှ ဦးစံဂိုးအောင်က “ အခုဆိုရင် ဦးအေးမောင် အဖမ်းခံရတာ နှစ်ရက်ရှိသွားပါပြီ။ ပြန်မလွှတ်လာသေးပါဘူး။ အခုက ရွာသားတွေ အပြင်ထွက်ဖို့တောင်စိုးရိမ်နေရပါတယ်။ ရွာသားတွေ ဘာမှ မလုပ်တတ်ဘူး။ ဖမ်းသွားရင် ဖမ်းသွားတယ်။ ဘယ်ကို တိုင်ရမယ်မှန်းလည်း မသိပါ” ဟု ပြောကြားသည်။

 အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နယ်မြေဆိုင်ရာ တပ်မတော်တာဝန်ရှိသူသို့ မေးမြန်းရန်မှာ ယခင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးမှာ ပြောင်းသွားပြီဖြစ်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူများအနေဖြင့်လည်း ဖုန်းမကိုင်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။ 


ဆက်စပ် သတင်းများ