သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် မျှစ်အရောင်းအဝယ်လုပ်သူ ၂ဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.5k

အိမ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်ကျေးရွာမှ မျှစ်အရောင်းအဝယ်လုပ်သူ နှစ်ဦးမှာ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်က အိမ်မှထွက်သွားပြီးနောက် ပြန်မရောက်ဘဲ ပျောက်ဆုံး နေကြောင်း မိသားစုများက နိရဥ္စရာသတင်းဌာနသို့ ဆက်သွယ် ပြောကြားသည်။

၄င်းတို့နှစ်ဦးမှာ ဦးဝေလှမောင်(၄၂) နှစ်နှင့် ကိုနေဆန်းလင်း (၂၆)နှစ်ဖြစ်ကြသည်။

သူတို့နှစ်ဦးသည်  မျှစ်ဝယ်ယူရန် ကျောက်တော် မဟာမုနိအနီးမှ ရွာသို့ ဆိုင်ကယ် တစ်ယောက် တစ်စီးဖြင့်  ခြင်းတောင်းများတင်ကာ ထွက်သွားကြပြီးနောက် ယနေ့ မွန်းတည့်ချိန်ထိ အိမ်ကို ပြန်မရောက်ဘဲ အဆက်သွယ်ပြတ်ကာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ဦးဝေလှမောင်၏ ဇနီးက ပြောသည်။

" သုံးဘီးသမားတစ်ယောက်က ဒီရွာက ၂ယောက်ကို ကျောက်တော်တောင်နားမှာ ဖမ်းထားတာ တွေ့ခဲ့တယ်လို့ ပြောလာတယ်။ ကျွန်မတို့လည်း အဲဒီ ၃၇၅ တပ်ကိုလိုက်သွားကြတယ်။ မေးကြည့်တော့ မရှိဘူးလို့ပြောလိုက်တယ်။ သူတို့အတွက် စိုးရိမ်မိပါတယ်။ ကျွန်မအမျိုးသားကို ပြန်ရချင်ပါတယ်"ဟုပြောသည်။

ရွှေလှိုင်ကျေးရွာမှ လူတစ်ဦးမှ ဆင်အိုးချိုင်မှ လူနှစ်ဦးကို ကျောက်တော်တောင်ဝင်ဝတွင် တပ်က ဖမ်းဆီးထားသည်ဟု သတင်းပေးလာသဖြင့် ၎င်းနေရာသို့ ထပ်မံသွားရောက်စုံစမ်းရန် စီစဉ်နေကြောင်း ဦးဝေလှမောင်၏ ဇနီးက ယနေ့ နေ့လယ်က ပြောဆိုသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက လူနှစ်ဦးပျောက်ဆုံးနေကြောင်း၊ ပျောက်ဆုံး နေသူများ၏ မိသားစုဝင်များက ဆက်သွယ်လာကြောင်းပြောသည်။

" သိပ်စိုးရိမ်နေကြတယ်လို့ မိသားစုဝင်တွေက ပြောတယ်။ ကျွန်တော်ကို ဖုန်းနဲ့ဆက်သွယ် လာကြတယ်" ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ်ရဲ တပ်ဖွဲ့သို့ ဆက်သွယ်ရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါ။

ဆက်စပ် သတင်းများ