သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော် သရက်တပင်ရွာမှ ဖမ်းဆီးခံရသူ ၁၁ဦးစလုံးပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ ၂၄ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ ယမန်နေ့က ဖမ်းဆီးခေါ်ဆောင်ခံရသူ ရွာသား ၁၁ ဦးစလုံးကို ယနေ့နံနက်က ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

ပြန်လွတ်လာသူ ၁၁ ယောက်မှာ သရက်တပင်ကျေးရွာမှ ကိုမောင်မောင်ဦး (ကျောင်းဆရာ) (၂၅) နှစ်၊ ကို ငညီချေ (၃၂)၊ ဦးမောင်ဘဦး (၄၂) နှစ်၊ ဦးရွှေမောင်တင် (၄ဝ) နှစ်၊ ဦးမောင်ဆန်းတင် (၄၃) နှစ်၊ ကိုအောင်ခင်စိုး (၃၄) နှစ်၊ ကိုမောင်မောင်ဝင်း (၃၅) နှစ်၊ ဦးမောင်သိန်း (၄ဝ)၊ ဦးမောင်မောင်ညွှန့် (၄၇) နှစ်နှင့် သူ့၏သား ကိုရန်နိုင်စိုး (၁၆) နှစ်နှင့် စဖိုသားကျေးရွာမှ ကိုမောင်သန်းမြင့် (၂၇) နှစ်တို့ဖြစ်ကြောင်း သရက်တစ်ပင် ဒေသခံ တစ်ဦးက အတည်ပြု ပြောကြားသည်။

သရက်တစ်ပင်ကျေးရွာမှ ရွာသား ၂ဝ ဦးခန့်ကို တပ်မတော် စစ်ကြောင်း တစ်ခုမှ ယမန်နေ့ နံနက်က ထိန်းသိမ်းခဲ့ပြီး ယင်းအထဲမှ ၉ ဦးကို ပြန်လွှတ်ကာ ကျောင်းဆရာတစ်ဦးနှင့် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် ကျေးရွာသား ၁၁ ဦးကို ရွာ၏အနောက်ဖက် ၁ မိုင်ခန့်တွင် တည်ရှိသည့် ဒေါင်းတော်ယို တပ်မဘက်သို့ ဖမ်းဆီးခေါ်ယူသွားခဲ့သည်။

“ အခု လွှတ်ပေးလိုက်တာက ၃၇၆ တပ်ရင်းကနေ လွှတ်ပေးလိုက်ပါတယ်။ ၁၁ ဦးစလုံးကို လွှတ်ပေးလိုက်ပါတယ်” ဟု သရက်တစ်ပင် ရွှေဂရုဏာ လူမှု အသင်းက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖမ်းဆီးထားရသူ ၁၁ ဦးစလုံး နံနက်က ၁၁ နာရီကျော်က သရက်တစ်ပင်ရွာကို ပြန်ရောက်လာကြသည်ဟု သိရသည်။

ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “ ရွာသားတွေကတော့ ၉ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ၁၁ ယောက်ကို မနေ့ကတည်းက ခေါ်သွားတယ်လို့ပြောတယ်။ အခုတော့ ရပ်မိ/ ရပ်ဖတွေ သူတို့နဲ့တွေ့ဖို့သွားတယ်။  အခုတော့ သူတို့ ပြန်လွတ်လာပြီလို့ သိရပါတယ်” ဟုပြောသည်။

သရက်တပင် ကျေးရွာတွင် အိမ်ခြေ ၇ဝဝ ကျော်ရှိပြီး အဆိုပါ ဖမ်းဆီးမှုကြောင့် ယမန်နေ့က ရွာသားအများအပြား ရွာမှနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ