သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေမြို့ထဲ စစ်ဆေးမှု လုံခြုံရေးအရ ပုံမှန်လုပ်ဆောင်ခြင်းဟုရဲကဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.2k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၉

ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် ဒီဇင်ဘာလ ၈ ရက်နေ့ညနေပိုင်းက မြို့အဝင်အထွက်နေရာများ၊ လူစည်ကားရာနေရာအချို့နှင့် မြို့လယ်ရှိ မြို့မရဲစခန်းရှေ့တို့တွင် ယာဉ်သွားယာဉ်လာများကို ရပ်တန့်စစ်ဆေးခြင်းနှင့် မသင်္ကာဖွယ်အရပ်သားများကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

"အရင်က မတွေ့မိဘူး။ အရင်ကတော့ မြို့အဝင်ဝမှာ စစ်ဆေးရှိခဲ့ပေမယ့် မစစ်တာ တစ်နှစ်နီးပါးရှိပြီ။ အခုမှ စစ်ဆေးတာ။ သတင်းတစ်ခုခု ရလို့ လုံခြုံရေးတိုးတာလို့မြင်တယ်"ဟု စစ်တွေမြို့ခံ ကိုအောင်သိုက်ကျော်က နိရဥ္စရာကိုပြောသည်။

ထိုသို့ စစ်ဆေးပြီးနောက် စစ်တွေမြို့လုံခြုံရေးကိုတိုးမြှင့်သည့် အနေအထားလားဟု  ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးပထမတန်း ဒုရဲမှူးကြီး မောင်မောင်စိုးသို့ ဆက်သွယ်မေးမြန်းရာ လုံခြုံရေး တိုးမြှင့်ခြင်း မဟုတ်ဘဲ မြို့လုံခြုံရေးကို ပုံမှန်အတိုင်း ဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု ဆိုသည်။

"ရခိုင်ပြည်နယ်ထဲမှာရှိတဲ့မြို့နယ်တွေကတော့ ကျနော်တို့ ပြည်နယ်အောက်ကတော့ အကုန်လုပ်ဖို့ဆိုပြီး လမ်းညွှန်ထားတယ်။ ပုံမှန်အတိုင်းလုပ်ဆောင်ဖို့ပေါ့နော်။ ပုံမှန်အတိုင်း ကျနော်တို့ လှည့်ကင်း၊ ပတ်ကင်းတွေလုပ်ဖို့၊ စောင့်ရှောက်ဖို့ညွှန်ကြားထားတယ်။ နောက် လုပ်ဆောင်ချက်တွေကိုလည်း တင်ပြခိုင်းထားတယ်။ အဓိက ကျနော်တို့ ရဲလုပ်ငန်းမှာဗျာ။ ရဲက လုပ်ရမယ့်အလုပ်ကိုလုပ်။ မလုပ်လို့ မရဘူး။ ပြည်သူကိုစောင့်ရှောက်ရမယ့်အလုပ်ကိုလုပ်ဖို့ ညွှန်ကြားထားတယ်"ဟု ဒုရဲမှူးကြီး မောင်မောင်စိုးက ပြောသည်။

စစ်တွေမြို့ထဲတွင် ပုံမှန်အားဖြင့် ညနေပိုင်းတွင် လမ်းသွားလမ်းလာများနှင့် ကား၊ ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးခြင်းများ မရှိခဲ့သဖြင့် ယမန်နေ့ ညနေပိုင်းက မြို့ထဲ နေရာအချို့တွင် စစ်ဆေး မေးမြန်းမှုများရှိခဲ့သဖြင့် လူထုအတွင်း တစ်စုံတစ်ရာ သတင်းများ ရထား၍ စစ်ဆေးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။

၎င်းစစ်ဆေးခြင်းမှာ ပုံမှန်သာ ဖြစ်ပြီး ထူးခြားဖြစ်စဉ်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

"ပုံမှန်အတိုင်းပါပဲ။ မြို့ပေါ်လုံခြုံရေးကိုယူတာပေါ့။ အရင်လည်း ချတယ်။ ညဘက်ကော၊ နေ့ဘက်ကော၊ လှည့်ကင်းတွေရောပေါ့" ဒုရဲမှူးကြီး မောင်မောင်စိုးက ပြောသည်။

တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေ၍ ဒေသမတည်မငြိမ်မှုများဖြစ်ပေါ်လျက်ရှိသည့် ရခိုင်ပြည်နယ်တွင် မြို့ပေါ်နှင့် ကျေးရွာအချို့တွင် အရပ်သားအချို့ အသတ်ခံရမှုများနှင့် သေနတ်ဖြင့် ပစ်ခတ်ခံရမှုများရှိလာနေသဖြင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်မှုများ ရှိနေကြသည်ဟု သိရသည်။

------------------------------

Unicode:











ဆက်စပ် သတင်းများ