စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တစ်လကျော်ကြာ လျှပ်စစ်မီးပြတ်တောက်နေသည့် မောင်တောနှင့်ဘူးသီးတောင်တွင် မီးပြန်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.3k

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၂၅/၂ဝ၂ဝ

တစ်လကျော်ကြာလျှပ်စစ်မီးပြတ်တောက်နေသည့် ရခိုင်ပြည်နယ်မှ မြို့နှစ်မြို့ဖြစ်ကြသည့် မောင်တောနှင့် ဘူးသီးတောင်တွင် ယနေ့ ညနေ ၅ နာရီကျော်က  မီးပြန်ရရှိပြီဖြစ်ကြောင်းသတင်းရရှိသည်။

ရသေ့တောင်မြို့နယ်ထီးစွဲရွာနှင့် အောင်သာစည်ရွာအကြားရှိ မဟာဓာတ်အားလိုင်းမှ လျှပ်စစစ်မီးကြိုးသည် အောက်တိုဘာ ၁၈ ရက်နေ့က လက်နက်ကြီး ကျည်ထိမှန်ပြီး ပြတ်သွားခဲ့သည်။ ယင်းအချိန်မှ စပြီး မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူ တစ်ဦးက “ ကျွန်တော်တို့ ဒီညနေမှာပဲ ပြုပြင် ပြီးစီးခဲ့ပါပြီ။ မီးလည်း ပေးထားပြီးပါပြီ။ မြို့ပေါ်တွေမှာတော့ နောက်ထပ်နာရီပိုင်းလောက်နေရင်ရကြမှာပါ။ ဘာလို့လည်းဆိုရင် မီးစက်နှိုးပြီးပေးထားတဲ့ လမ်းမီးတွေနဲ့ ဌာနဆိုင်ရာက မီးတွေကို ချိန်းနေရလို့ပါ။ မဟုတ်ရင် အန္တရာယ်ရှိလို့ပါ” ဟုပြောသည်။

၄င်းပျက်စီးနေသည့် မီးကြိုးကို ပုဏ္ဏားကျွန်းမြို့ မဟာဓာတ်အားလိုင်းမှ အေအီး ဦးသိန်းရွှေဦးဆောင်ပြီး ဝန်ထမ်းများနှင့် လွန်ခဲ့သည့်  နိုဝင်ဘာ ၂၃ ရက်နေ့က စတင်ပြန်လည် ပြုပြင်ခဲ့ကြခြင်းဖြစ်သည်။

မောင်တောမြို့၃မိုင်မှ ဒေါ်ခင်စောဦးက“ မီးပြန်ရလို့ပျော်ပါတယ်။ မီးမရှိတဲ့ ဒုက္ခကို ဘယ်လောက် ခံလိုက်ရလည်းဆိုရင် တစ်လကျော်တောင်ခံလိုက်ကြရတယ်။ နောက်နောင် အခုလိုတွေမဖြစ်စေချင်ဘူး။ ဖြစ်လာခဲ့ရင်လည်း ဒီလောက်အကြာကြီးမပြုပြင်ပဲထားခဲ့ရင် တစ်ခုခုနဲ့ အစားထိုးပြီး ဒေသခံတွေကို မီးရရှိအောင် ကြိုးစားပေးကြစေချင်တယ်။ ပိုက်ဆံရှိတဲ့လူတွေက အကြောင်းမဟုတ်ဘူး။ မီးစက်နိုးပြီး သုံးစွဲနိုင်ပေမယ့် ဆင်းရဲသားတွေက အကျပ်အတည်းကြားက ဖယောင်းတိုင်ဖိုးနဲ့ မွဲသွားမယ်” ဟုပြောသည်။

အလားတူ လက်နက်ကြီးထိမှန်ပြီး လျှပ်စစ်မီးပြတ်တောက်မှုမှာ ဘူးသီးတောင်နှင့် မောင်တောတွင် ယခုတစ်ကြိမ်ဆိုလျှင် ၃ ကြိမ်မြောက် ရှိသွားပြီလည်း ဖြစ်သည်။

လွန်ခဲ့သည် ဧပြီလ ၂ ရက်နေ့တွင် တစ်ကြိမ်ပျက်ခဲ့စဉ်က ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင်  ရက်ပေါင်း ၂ဝ ကြာအောင်မီးပြတ်တောက်ခဲ့သည်။

ယင်းနောက် သြဂုတ်လ ၂၄ ရက်က မောင်တောနှင့် ဘူးသီးတောင်မြို့နယ် ၂ ခုတွင် ၄ ရက်ကြာမီး ပြတ်တောက်ခဲ့သည်။
 

ဆက်စပ် သတင်းများ