ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မောင်တောခရိုင်မှ ကျေးရွာ ၄ ခုတွင် လျှပ်စစ်မီးစတင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၁ / ၂ဝ၂ဝ

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့မှ ကျေးရွာ ၄ ခုတွင် ဒီဇင်ဘာလ ၁၁  ရက်နေ့မှ စတင်၍ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိခဲ့သည်ဟု သတင်းရရှိသည်။

ရရှိခဲ့သည့် ကျေးရွာများမှာ မောင်တောင်မြို့နယ်မှ ရွှေဇားကျေးရွာ၊ ရွှေဇား (ဟိန္ဒူ)ကျေးရွာ၊ ကိုင်းကြီး(မြို) ကျေးရွာတို့မှ အိမ်ထောင်စု (၃၁ဝ) နှင့် ဘူးသီးတောင်မြို့နယ်မှ ဖုံညို လိပ်ကျေးရွာမှ အိမ်ထောင်စု (၃၁) စုတို့ဖြစ်ကြောင်း မောတောခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးဟိန်းမိုးထက်က ပြောသည်။

“ ဒီနေ့မှာ ကျနော်တို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲလုပ်ပြီးတော့ ဒီနေ့ ဓာတ်အားလွှတ်တာပါ။ ဒီနေ့မှာတော့ ကျနော်တို့ အိမ်ခြေ (၃၆၁) ကို မီတာတွေတပ်ဆင်ပေးခဲ့တယ်။ ကျန်တဲ့အိမ်ခြေတွေအနေနဲ့တော့ မြို့နယ်လျှပ်စစ်ရုံးကို သွားပြီးတော့ မီတာသွားလျှောက်လို့ရပါတယ်။ မီတာရရှိရေးပေါ်မူတည်ပြီးတော့ ကျနော်တို့ ပေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာတွင် အိမ်ခြေ (၂ဝဝ) ကျော်၊ ရွှေဇား (ဟိန္ဒူ) ကျေးရွာတွင် အိမ်ခြေ (၁၄ဝ) ကျော်၊ ကိုင်းကြီး (မြို)ကျေးရွာတွင် အိမ်ခြေ (၁ဝဝ) ခန့်နှင့် ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာတွင် အိမ်ခြေ (၉ဝ) ခန့်အထိရှိကြောင်း သိရှိရသည်။   

ယခုလိုမျိုး လျှပ်စစ်မီးရရှိသည့်အတွက် ကျေးရွာသူ၊ ကျေးရွာသားများအတွက် အလွန်အဆင်ပြေသွားကြောင့် ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“ လျှပ်စစ်မီးရလာပြီဆိုတော့ ထမင်းဟင်းချက်ရတာတွေကအစ၊ မီးပူတိုက်ရတာတွေလည်း အဆင်ပြေတယ်။ အကုန်လုံးအဆင်ပြေသွားတာပေါ့ဗျ” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ကျေးရွာပေါင်း ၃၇၄၂ ရွာရှိသည့်အနက် ၂ဝ၁၆ ခုနှစ်တွင် ကျေးရွာပေါင်း (၁၆၈၄)ရွာ၊ ၂ဝ၁၇ ခုနှစ်တွင် (၁၆၉၆)ရွာ၊ ၂ဝ၁၈ ခုနှစ်တွင် (၁၉၁၂) ရွာနှင့် ၂ဝ၂ဝ ခုနှစ် အောက်တိုဘာလတွင် (၂၁၁၇) ရွာတို့ သုံးစွဲခွင့်ရရှိခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများ၏ (၅၆.၅၇) ရာခိုင်နှုန်းမှာ လျှပ်စစ်မီးသုံးစွဲနိုင်ခဲ့ကြောင့် ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တဆင့်သိရှိရသည်။

ဆက်စပ် သတင်းများ