ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မှားယွင်းဖော်ပြမှုအတွက်စာရေးဆရာသောင်းဝေဦးမှ နိုင်ငံပိုင်သတင်းစာမှတစ်ဆင့်တောင်းပန်လာသဖြင့် ကျေအေးပေးမည်ဟု ဒေါ်ထုမေဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 406

သန်းသန်း
စစ်တွေ ၊ဇူလိုင် ၂ဝ/ ၂ဝ၁၉

ဓာတ်ပုံနှင့် အချက်အလက်အချို့အား မှားယွင်းစွာ အသုံးပြုခဲ့မှုအပေါ် စာရေးဆရာသောင်းဝေဦးက နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် တောင်းပန်လာသဖြင့် ကျေအေးပေးမည်ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက “တောင်းပန်တာက အတိုင်းအတာတခုထိ ကျွန်မ ကျေနပ်လောက်အောင် စာရေးဆရာဘက်ကနေ တောင်းပန်တဲ့ အတွက် ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ချင်တယ်။ ဘာလို့လဲဆိုတော့ ပထမအဆင့်က ကျွန်မကျေနပ်သည်အထိ သူတောင်းပန်ရင် ဒီကိစ္စကို ကျေအေးပေးမယ်။ တကယ်လို့ မတောင်းပန်ခဲ့ဘူးဆိုရင် သတ်မှတ်ထားတဲ့ ဥပဒေဘောင်အတွင်းက ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားတယ်။ အခုက ကျွန်မကျေနပ်တဲ့အထိ တောင်းပန်လာတော့ တောင်းပန်လာတာကို လက်ခံဖို့ ပြင်ဆင်ထားပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင် ၂ဝ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများဖြစ်သည့် ကြေးမှုံနှင့် မြန်မာ့အလင်းသတင်းစာများတွင် စာရေးသူနှင့် ထုတ်ဝေသူသောင်းဝေဦးက “ကျွန်တော်ရေးသားထုတ်ဝေခဲ့သည့် “AA သမို်င်းအကြောင်း သိကောင်းစရာများ” စာအုပ်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဒေါ်ထုမေအား တောင်းပန်အပ်ပါသည်ဟု ဖော်ပြပါရှိသည်။

ဒေါ်ထုမေ၏ ဓာတ်ပုံအား ကာယကံရှင်၏ ခွင့်ပြုချက်မတောင်းခံဘဲ စီးပွားဖြစ်ထုတ်ဝေဖြန့်ချီရာတွင် မမှန်မကန် အသုံးပြုခဲ့ခြင်းသည် ကျွန်တော်စာရေးသူ၏ မှားယွင်းချက် ဖြစ်ပါကြောင်း၊  စာမျက်နှာ ၆၄ တွင် ရခိုင်လွှတ်တော် အမတ်ဖြစ်နေခြင်းဟု ဒေါ်ထုမေ၏ ဓါတ်ပုံအား ရည်ညွှန်းကာ အချက်အလက်မှားယွင်းစွာ ရေးသားဖော်ပြခဲ့ခြင်း အတွက် အနူးအညွှတ်တောင်းပန်အပ်ပါသည်ဟု ဖော်ပြပါရှိသည်။

စာရေးဆရာသောင်းဝေဦးက ၎င်းဖြန့်ချီခဲ့ပြီးစာအုပ်များတွင် အချက်အလက်များမှန်ကန်မှုမရှိကြောင်းနှင့် နောက်ထပ်ရိုက်နှိပ်ဖြန့်ဝေခြင်း ပြုတော့မည်မဟုတ်ပါကြောင်း ဝန်ခံကတိပြုထားသည်။

စာရေးဆရာသောင်းဝေဦး ရေးသားထုတ်ဝေခဲ့သည့် “AA သမိုင်းအကြောင်းသိကောင်းစရာများ” စာအုပ်တွင် AA တိုက်ခဲ့သော တိုက်ပွဲမှတ်တမ်းဓာတ်ပုံများ ကဏ္ဍ၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၏ ဓာတ်ပုံနှင့် အချက်အလက်အချို့အား ခွင့်ပြုချက်မရယူဘဲ စီးပွားဖြစ်ထုတ်ဝေဖြန့်ချိခဲ့ရာ ပုံနှိပ်စာအုပ်အတွင်း ၄င်း၏ ဓာတ်ပုံနှင့် အချက်အလက်အချို့အား အသုံးပြုထားသည့်အတွက် ဆက်လက်ထုတ်ဝေခွင့်မပြုရန်နှင့် အသုံးပြုထားခြင်းအား တောင်းပန်ပေးရန်  ဒေါ်ထုမေက ဇွန်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ စာရေးသား တိုင်ကြားခဲ့သည်။

“ မဟုတ်မမှန်ရေးသားချက်ကို ကာယကံရှင်ကိုယ်တိုင်တောင်းပန်တာကို နိုင်ငံပိုင်သတင်းစာမှာဖော်ပြလို့ရှိရင် လက်ခံပေးဖို့စဉ်းစားထားတဲ့အတွက်ကြောင့် ဒီကိစ္စက ပထမအဆင့်မှာတင် အဆင်ပြေသွားတယ်။ တကယ်လို့ ကျွန်မစိတ်ကျေနပ်တဲ့အထိ မတောင်းပန်ဘူးဆိုရင် သက်ဆိုင်ရာဥပဒေ ပုဒ်မတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ စဉ်းစားထားတယ်။ အခုကတော့ ပထမအဆင့်မှာပဲ သူက ကျွန်မစိတ်ကျေနပ်တဲ့အထိ တောင်းပန်တဲ့အတွက် ဒါကိုလက်ခံဖို့ ဆုံးဖြတ်ထားတယ်” ဟု ဒေါ်ထုမေက ဆက်လက်ပြောဆိုသည်။
 
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် စာရေးဆရာသောင်းဝေဦးအား ခေါ်ယူတွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ ပေးပို့သည့် 'ဥပဒေပြု အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်အား ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန် လုပ်ကြံရည်ညွှန်းရေးသားပြီး ခွင့်ပြုချက်မတောင်းခံဘဲ မိမိဓာတ်ပုံများကို အသုံးပြုကာ ပုံနှိပ်စာအုပ်အဖြစ် ရေးသားထုတ်ဝေဖြန့်ချီထားပါသဖြင့် ဥပဒေအရ အရေးယူနိုင်ပါရန် တင်ပြတိုင်ကြားခြင်း အကြောင်းအရာပါ တိုင်ကြားစာကိစ္စ နှင့်ပတ်သက်၍ အသိပေးခဲ့သည်။

ဇူလိူင် ၁၁ ရက်နေ့တွင် စာရေးဆရာ သောင်းဝေဦးကိုယ်တိုင် သတင်းမီဒီယာကောင်စီရုံးသို့ ရောက်ရှိလာခဲ့ပြီး ခွင့်ပြုချက် မရှိဘဲ ဓာတ်ပုံများကို ဖော်ပြခြင်းမှာ မှားယွင်းကြောင်းနှင့် တစ်ပတ်အတွင်း နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် တောင်းပန်စာအား ဖော်ပြပေးမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်ဟု သိရသည်။

၎င်းနောက်ပိုင်းတွင် နို်င်ငံပိုင် သတင်းစာနှစ်စောင်မှ တစ်ဆင့် ဒေါ်ထုမေကို တောင်းပန်လာခြင်း ဖြစ်သည်။

ဆက်စပ် သတင်းများ