ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြို့နယ် ၃ခု ဖွံ့ဖြိုးတိုးတက်ရေး ကမ္ဘာ့ဘဏ်နှင့် ရခိုင်လွှတ်တော်တို့ဆွေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 887

သိန်းဇော်(မောင်တော)

စစ်တွေ၊ ဇူလိုင် ၂၄/၂ဝ၁၉

ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများသည်  ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က လွှတ်တော်ဥက္ကဋ္ဌအား လာရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ လာရောက်တွေ့ဆုံခြင်းမှာ စစ်တွေ၊ ပေါက်တော၊ မြေပုံမြို့နယ် များတွင် ကမ္ဘာ့ဘဏ်အစီအစဉ်ဖြင့် ဆောင်ရွက်မည့် ဒေသခံများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် ကဏ္ဍကို ကနဦးလေ့လာခြင်းများ ဆောင်ရွက်နိုင်ရေး ရခိုင်ပြည်နယ်   လွှတ်တော်၏ အကြံအဉာဏ်များ ရယူရန် လာရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့က လွန်ခဲ့တဲ့ သုံးလေးလလောက်က တစ်ကြိမ်လာလို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း(၁ဝဝ) ကူညီမယ်။ ထောက်ပံ့မယ် ဆိုပြီးပြောထားပါတယ်။ ပထမတော့ ၅ မြို့နယ်။ စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး ငါးမြို့နယ်။ ရခိုင်ပြည်နယ်ရဲ့အခြေအနေအရ စစ်တွေ၊ ပေါက်တော၊ မြေပုံ သုံးမြို့နယ်ကို ပထမဆုံးဦးစားပေး ကွင်းဆင်းလေ့လာဖို့ ဆိုပြီး လာပါတယ်လို့ ပြောတယ်။ အဲလိုလာရင်းနဲ့ ကျနော်တို့ကို လာတွေ့တာပါ” ဟု လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်းက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

ထိုသို့ တွေ့ဆုံပြီးနောက် ဒေသခံများအခက်အခဲနှင့် လုပ်ကိုင်မည့် အလုပ်အကိုင်များအား ကွင်းဆင်းလေ့လာရေးကို ရာသီဥတုကြောင့် ဖျက်သိမ်းကာ နောက်တစ်ကြိမ် ကျမှ လေ့လာ တော့မည်ဟု ပြောခဲ့ကြောင်း၊ ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ ကူညီသည့် ငွေများနှင့် ဒေသခံများအနေဖြင့် မည်သည့် လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမည်ကို သိရှိလို၍ ဒေသခံများက မည်သည့် အလုပ်အကိုင်များ လုပ်ကိုင်ကြသည်ကို မေးမြန်းအကြံဥာဏ်များတောင်းခံခဲ့ကြောင်း၊ ဦးမြသန်းက ဆက်ပြောသည်။


“ သူတို့က ငွေထုတ်ပေးမယ်။ ဒီငွေတွေနဲ့ ဘာကိုလုပ်ကိုင်ကြမှာလဲ သိချင်ကြတယ်။ သိချင်လို့ ကျနော်တို့ကိုမေးတော့ ကျနော်တို့ လွှတ်တော်ဘက်ကလည်း အဲလောက်ထိမသိ။ ကမ္ဘာ့ဘဏ်အဖွဲ့ကို ဘာလုပ်ငန်းတွေလုပ်ဖို့ အစီစဉ်ရှိလဲလို့ ကျနော်တို့ကပြန်မေးတော့ သူတို့က အဓိကရေလုပ်ငန်းပါ။ စီးပွားရေး၊ မွေးမြူရေး လုပ်ငန်းတွေမှာ သူတို့က တကယ်လုပ်တဲ့လူတွေကို ငွေထောက်ပံ့ပေးမယ်လို့ ပြောဆိုသွားခဲ့တယ်” ဟု ဦးမြသန်းက ပြောသည်။

ဆက်လက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အသေးစား လုပ်ငန်းများတွင်လည်း အခက်အခဲရှိပါက ထောက်ပံ့ ကူညီမည် ဖြစ်ကြောင်း၊ လုပ်ငန်းကျွမ်းကျင်မှုရရှိစေရေး နည်းပညာနှင့်ပတ်သက်ပြီး သင်တန်းများလည်း ပေးလိုကြောင်း ကမ္ဘာ့ဘဏ်တာဝန်ရှိသူများက ယနေ့တွေ့ဆုံစဉ် ပြောသွားကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၃ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင် Dr. Mauro Testaverde နှင့် အဖွဲ့အား လက်ခံ တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်စပ် သတင်းများ