ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဗိုလ်မှူးကြီးမင်းသန်းအား ရခိုင်နယ်လုံဝန်ကြီးအဖြစ်ခန့်အပ်ကြောင်း သမ္မတရုံးကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 7.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ်၊ ၁၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် တပ်မတော် (ကြည်း) မှ ဗိုလ်မှူးကြီးမင်းသန်းအား ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ၂ဝ၁၉ ခုနှစ် သြဂုတ် ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာသည်။

တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်  ဗိုလ်မှူးကြီးဖုန်းတင့်အား စစ်ဖက် မူလတာဝန်ကိုပြန်လည် ထမ်းဆောင်စေပြီး ဗိုလ်မှူးကြီးမင်းသန်းအား လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတမှ အမိန့်အမှတ် ၃၈/ ၂ဝ၁၉ ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ ဒီလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ဗိုလ်မှူးကြီးမင်းသန်းကို ကန့်ကွက်သူမရှိတဲ့ အတွက် နယ်လုံဝန်ကြီးအဖြစ် မနေ့က လွှတ်တော်က အတည်ပြုခဲ့ပါတာ ဖြစ်ပါတယ်” ဟု ပြောသည်။ 

ရခိုင်ပြည်နယ်မှာ စိန်ခေါ်မှုများသည့် ပြည်နယ်တစ်ခုဖြစ်သဖြင့် တာဝန်ထမ်းဆောင်ရန် အခက်အခဲရှိနိုင်ပါသလားဟု နယ်လုံဝန်ကြီးသစ် ဗိုလ်မှူးကြီးမင်းသန်းအား သတင်းထောက်များက မေးမြန်းရာ သူက  “ကျွန်တော်က ငယ်ငယ်တည်းက ဒီတာဝန်တွေကို ထမ်းဆောင် လာတာ။ ကျွန်တော်ကတပ်မတော်မှာလည်း နှစ် ၃ဝရှိပြီ၊၂ဝ၁၆-၂ဝ၁၇မှာလည်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လုပ်ဖူးတယ်။ နိုင်ငံရေး အသိုင်းဝန်းနဲ့လည်း နီးစပ်မူရှိတယ်၊ နိုင်ငံခြားအတွေ့အကြုံတွေလည်း ရှိတဲ့အတွက်  ကျွန်တော် ဒီတာဝန်ယူနိုင်ပါတယ်” ဟု  ပြောကြားထားသည်။

ဗိုလ်မှူးကြီးမင်းသန်းသည် ရခိုင်+ဗမာ/ဗုဒ္ဓ တစ်ဦးဖြစ်ပြီး ၂၅-၁- ၁၉၇ဝ ခုနှစ်မွေးဖွားသူဖြစ်သည်။ မွေးရာဇာတိမှာ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမှ ဖြစ်ပြီး အ.မ.က(၁)ရန်ကင်း၊ အ.လ.က(၁) ရန်ကင်း၊ အ.ထ.က(၂)ရန်ကင်းတို့တွင် အခြေခံပညာ သင်ကြားခဲ့ပြီး သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)၊ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ) တို့မှ ရရှိထားသူဖြစ်ကြောင်း သိရသည်။

၎င်းသည် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။  ဗိုလ်မှူးကြီးမင်းသန်းသည် စစ်မှုထမ်းအဖြစ် ခမရ(၁၁၉)၊ ခလရ(၂၇၇)၊ စတသ၊ ခလရ(၂၅၃)၊ တခရ(ဗထူး)၊ ကကထောက်၊ ခမရ(၅၉၈)၊ ခလရ(၈ဝ)၊ စရခ၊ တမခ(၁ဝ၁)တို့တွင် တာဝန်အသီးသီး ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ