သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဗဟိုချုပ်ကိုင်မှုစနစ်ကျင့်သုံးနေ၍ဟုဆိုကာ ၂ဝဝ၈ ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါဝင်မှုအား ANP ပယ်ဖျက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.5k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၃/၂ဝ၁၉

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီသည် ဗဟို ချုပ်ကိုင်မှုစနစ်ကျင့်သုံးနေ၍ဟုဆိုကာ ကော်မတီရှိ ရခိုင်အမျိုးသား ပါတီ (ANP)ကိုယ်စားပြု အဖွဲ့ဝင်နှစ်ဦးပါဝင်နေခြင်းအား ပယ်ဖျက်ကြောင်း ANP ပါတီက ယနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာ လိုက်သည်။

လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးပါဝင်သော ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် အဆိုပြုချက်များအား ဆုံးဖြတ်ချက်ချမှတ်သည့်စနစ်မှာ အနိုင်ရ အင်အားကြီး ပါတီတစ်ခု၏ သဘောထားအဆိုပြုချက်များကိုသာ မဲအသာစီးဖြင့် အတည်ပြု ဆုံးဖြတ်သည့် စနစ်ဖြစ်နေသည့်အတွက် ရခိုင်အမျိုးသားပါတီနှင့်တကွ အခြားတိုင်းရင်းသားပါတီများ၏ ပြင်ဆင်လို်သောအချက်များမှာ အတည်ပြုဆုံးဖြတ်ခြင်းမရရှိနိုင်တော့ကြောင်း တွေ့မြင်လာရသည်ဟု စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်လိုက်သည့် ရခိုင်အမျိုးသား ပါတီ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၌ ရခိုင်အမျိုးသားပါတီ အပါအဝင် အခြားတိုင်းရင်းသားပါတီများလိုလားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခန်းကဏ္ဍမှာ ပီပြင်စွာ ပါဝင်နိုင်ရန် အခြေအနေမရှိတော့သည့်အပြင် ဗဟိုချုပ်ကိုင်မှု စနစ်ကျင့်သုံးပြီး လက်ရှိ အာဏာရပါတီ၏ တည်မြဲရေးကိုသာ ရည်ရွယ်နေကြောင်း တွေ့မြင်လာရသည့်အတွက် ရခိုင်အမျိုးသား ပါတီကိုယ်စားလှယ် နှစ်ဦးအား ဆက်လက်ပါဝင်နေရန် မလိုအပ်တော့၍ ယခုကဲ့သို့ ပယ်ဖျက်လိုက်ရခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီက ဆိုသည်။

"ကျမတို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာမှာ ဖက်ဒရယ်ဆိုတဲ့ စကားလုံးတစ်လုံးကိုတောင်မှ သုံးခွင့်မရဘဲ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ချက်ကြီး ထွက်လာမယ်ဆိုရင် ကျမတို့ ရခိုင်အမျိုးသား ပါတီအပါအဝင် တခြားသော တိုင်းရင်းသားပါတီတွေရဲ့ လိုအင် ဆန္ဒတွေဟာ ဒီ ၄၅ ဦးကော်မတီ မဲပေးပုံစနစ်အရပဲ အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူးဆိုတာကို လက်တွေ့ခံစားလာခဲ့ရတယ်။ အဲဒီတော့ ကိုယ်တို့ရဲ့ အဆိုပြုချက်တွေ၊ ကိုယ်တို့လိုအပ်ချက်တွေကို ဒီ မဲအသာစီး ရတဲ့အဖွဲ့က မကြိုက်ရင်၊ မလိုလားရင်ဘဲ ဘာတစ်ခုမှ ပါဝင်ခွင့် မရဘူး ဆိုရင် ဒီအဖွဲ့မှာ ပါဝင်နေခြင်းအားဖြင့် ကျမတို့ လိုချင်တဲ့ ဖွဲ့စည်း ပုံပြင်ဆင်ရေးဆိုတဲ့အနေအထားကို ကျမတို့ ဖော်ဆောင်နိုင်မယ့် အနေအထားမရှိဘူးဆိုတာမျိုးကိုလည်း ကျမတို့ တွေ့ရှိရတယ်။ ဒါကြောင့်ပဲ ကျမတို့ဟာ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ ဆက်လက်ပြီးတော့ ကိုယ်စားလှယ်အနေနဲ့ မပါဝင်တော့ဘူးဆိုပြီးတော့ အဲဒီကိုယ်စားလှယ်တွေရဲ့ တာဝန်ကို ရုပ်သိမ်းလိုက်ပါတယ်။ ပါဝင်နေခြင်းကိုလည်း ပယ်ဖျက် လိုက်ပါတယ်"ဟု ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။


၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ရခိုင်အမျိုးသားပါတီ(ANP)ကိုယ်စားပြု အဖွဲ့ဝင်နှစ်ဦးဖြစ်သော ကျောက်တော်မြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်နှင့် ပေါက်တောမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကို်ယ်စားလှယ် ဦးအောင်ကျော်ဇံတို့နှစ်ဦးသည်လည်း ၄င်းတို့ ကိုယ်လက်မှတ် ထိုးကာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌထံ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းက နုတ်ထွက်စာတင် လိုက်ကြကြောင်း သိရသည်။

ကော်မတီမှ နုတ်ထွက် စာတင်လိုက်သည့် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးအား ဆက်သွယ်နေသော်လည်း အဆက်အသွယ်မရသေးပါ။

ရခိုင်အမျိုးသားပါတီသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံပေးနိုင်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရန်အတွက် လက်ရှိတည်ဆဲ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား မဖြစ်မနေပြင်ဆင်ရမည်ဟူသော မူကို ခံယူရပ်တည်ထားသည့် အတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို တာဝန်ပေးပါဝင်စေပြီး ဖွဲ့စည်းပုံပြင်ဆင်ရန် အဆိုပြုချက် စုစုပေါင်း ၈၅၈ ချက်ကို အကြံပြုတင်သွင်းခဲ့ကြောင်းလည်း သိရသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မအူပင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းလည်း သမိုင်းတရားခံ အဖြစ်မခံနိုင်၍ဟုဆိုကာ ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် ကော်မတီမှ နုတ်ထွက်စာ တင်ထားကြောင်း သိရသည်။

အဆိုပါကော်မတီကို ကော်မတီဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး၊ တွဲဖက်အတွင်းရေးမှူး အဖြစ် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချိုတို့ကို တာဝန်ပေးအပ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့မှ ၁၈ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ရှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နှစ်ဦးစီ၊ တအာင်း (ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ လီဆူးအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ (လက်ရှိတွင် ပါတီ ဖျက်သိမ်း)၊ ‘ဝ’ ဒီမိုကရက် တစ်ပါတီနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ် တစ်ဦးစီနှင့် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးတို့ အပါအဝင် စုစုပေါင်း ၄၅ ဦးဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

(ဓာတ်ပုံ- မူလ ပိုင်ရှင်ကို Credit ပေးပါသည်။)

ဆက်စပ် သတင်းများ