ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်ဘေးရှောင်အရေး လွှတ်တော်တွင် လူကယ်ပြန်ဝန်ကြီး ဖြေကြားချက်လုံလောက်မှုမရှိဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၁၃/ ၂ဝ၁၉

ရခိုင်ပြည်နယ် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဖြေဆိုမှုမှာ လုံလောက်မှုမရှိဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက တုံ့ပြန် ပြောဆိုလိုက်သည်။

“သူ့ဖြေဆိုမှုမှာ လိုအပ်ချက်တွေ အများကြီး တွေ့ရပါတယ်။ ဒီနေ့ လွှတ်တော်မှာ ဝန်ကြီးဖြေဆိုမှုအပေါ်မှာ အတိုင်းတာတစ်ခုလောက်ပဲ ဆောင်ရွက်တာ တွေ့ရပါတယ်။ လတ်တလော ဖြေရှင်းရမယ့် အခြေနေနဲ့ သူတို့ဖြေရှင်းနေတဲ့ ပုံစံက လက်တွေ့မကျပါဘူး။ ဥပမာ ကျွန်မမေးခွန်းက ဧပြီလောက်ကတည်းက မေးထားတဲ့ မေးခွန်းဆိုရင် အခု သူတို့မှာ ဖော်ပြထားတဲ့ တကယ့် တိုက်ပွဲရှောင်တွေအတွက် အိမ်ရာဆောက်လုပ်မှုမှာ တိုင်တောင်မထူရသေးတဲ့ အခြေနေရှိပါတယ်။ သူတင်ပြ သွားတဲ့ ပုံတွေမှာလည်း ပါပါတယ် ”ဟု အမျိုးသားလွှတ်တော်အမတ် ဒေါ်ထုမေက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းဝေး၌ အမျိုးသားလွှတ်တော် အမတ် ဒေါ်ထုမေက တိုက်ပွဲရှောင်များ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဒေသအချို့တွင် အခြေခံစက်ချုပ်သင်တန်းများအား ဖွင့်လှစ်ခဲ့ခြင်း၊ အိန္ဒိယ နိုင်ငံအစိုးရက တိုက်ပွဲရှောင်ပြည်သူ ဦးရေ ၅သောင်းခန့်အတွက် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းနိုင်ရေးစီစဉ်ဆောင်ရွက်လျှက်ရှိခြင်း၊ NGO၊ INGO နှင့် လူမှုအဖွဲ့စည်းများမှ ထောက်ပံ့ကြေးများကိုလည်း ပိတ်ပင်မှုမရှိဘဲ လုံခြုံရေး အခြေနေအရ သွားလာမှုစိစစ်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း၊ ခေတ္တ ရောက်ရှိ နေသည့် တိုက်ပွဲရှောင်ပြည်သူများထဲမှ အသက် ၈၅နှင့် အထက် သက်ကြီးရွယ်အို ၅ဝ ဦးကို လူမှုရေးပင်စင်များ ခံစားခွင့် ရရှိအောင် ဆောင်ရွက် ပေးလျှက်ရှိကြောင်း စသည်ဖြင့် ဖြေကြားခဲ့ကြောင်း သိရသည်။

“ပြည်နယ်အတွက် ချမှတ်ထားတဲ့ ဘတ်ဂျက်တွေကို ပြည်ထောင်စုအစိုးရ လုပ်ပေးရမှာက ပုံမှန်လည်ပတ်နေရမယ့်ဟာတွေလေ။ ကျွန်မတို့ လိုချင်တာက ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ တိုက်ပွဲရှောင်တွေရဲ့ လုံခြုံရေးတွေအဆင်ပြေဖို့၊ နေ့စဉ်ဘဝအဆင်ပြေဖို့ကို လိုချင်တာပါ ”ဟု ဒေါ်ထုမေက ဆက် ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့သည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလမှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲများကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့နယ်များတွင် စစ်ဘေးရှောင်ဦးရေ ၆ သောင်းခွဲခန့် ရှိနေပြီဟုလည်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC)၏ စာရင်းအရ သိရသည်။

တိုက်ပွဲများပြင်းထန်နေမှုကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ အတွက် အစိုးရက ပြီးခဲ့သည့် ဇွန်လခန့်မှစတင်ကာ နေအိမ်များ ဆောက်လုပ် ပေးနေသော်လည်း သတ်မှတ်အချိန်အတွင်း မပြီးစီးနိုင်ဖြစ်နေသည့် အတွက် မိုးရာသီကာလအတွင်း စစ်ဘေးရှောင်များမှာ အခက်အခဲများစွာဖြင့် ရင်ဆိုင် နေရကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ