ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်ပွဲအတွင်း အရပ်သားပြည်သူထိခိုက်/သေဆုံးမှု လေ့လာစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရန်အဆို မဲခွဲဆုံးဖြတ်ရာ အဆိုအောင်နိုင်၍ ဆက်လက်ဆွေးနွေးရန် ရခိုင်လွှတ်တော်အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3k

နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာ ၁၈ / ၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့်မသက်ဆိုင်သော အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှုများနှင့် ပတ်သက်၍ လေ့လာစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရန်အဆိုကို ယနေ့မဲခွဲဆုံးဖြတ်ရာ အဆိုဖက်က အနိုင်ရရှိသဖြင့် ဆက်လက်ဆွေးနွေးရန် ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့သည်ဟု သတင်းရရှိသည်။

၎င်းအဆိုကို စက်တင်ဘာလ ၁၈ ရက်နေ့ကပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

၎င်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၂၄)မဲ၊ ကန့်ကွက်မဲ(၁၁)မဲနှင့် ကြားနေမဲ(၁) မဲ ရရှိခဲ့ဖြင့် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်အတည်ပြုခဲ့ကြောင်း သိရသည်။

ဦးထွန်းသာစိန်က “ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲနဲ့ဘာမှမသက်ဆိုင်တဲ့ အရပ်သားပြည်သူတချို့ဟာ သေဆုံးမှုတွေ ၊ ထိခိုက် ဒဏ်ရာမှုတွေရှိနေတယ်။ အဲဒါကို အစိုးရအဖွဲ့အနေနဲ့ ဦးဆောင်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာဆိုင်ရာ အဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေပါဝင်တဲ့ လေ့လာစုံစမ်းရေးအဖွဲ့ဖွဲ့ပြီး ဒီသေဆုံးမှု ဒဏ်ရာရသူတွေဟာ ဘယ်သူ့ကြောင့်ဖြစ်တယ် ဆိုတာကို ပွင့်ပွင့်လင်းလင်းပြည်သူကိုချပြနိုင်ဖို့အတွက် ဒီအဆိုကို တင်သွင်း ရတာဖြစ်တယ်” ဟု သတင်းဌာနများကိုပြောသည်။

အဆိုပါ အဆိုအား ဆက်လက်ဆွေးနွေးရန် ကန့်ကွက်ခဲ့သူတွင်ပါဝင်သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက “လက်ရှိဖြစ်နေတဲ့အခြေအနေတွေကြောင့် စုံစမ်းရေးကော်မရှင်ဖွဲ့တာ စောလွန်းတယ်။ ဒီအဖွဲ့ဖွဲ့ပြီး လက်ရှိစုံစမ်းစစ်ဆေးရေးကလည်း အချက်အလက်တွေအမှန်အတိုင်းရမှ မဟုတ်ပါဘူး။ လုံခြုံရေးကလည်း အားနည်းနေသေးတယ်။ ဒါကြောင့် ဒီအဆိုကို ကန့်ကွက်ရတာဖြစ်တယ်” ဟု သတင်းဌာနများကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးမှုများ ၊ ထိခိုက် ဒဏ်ရာရမှုများ မြင့်တက်လာပြီး ယခုနှစ် သြဂုတ်လ ၂၉ ရက်နေ့အထိ သေဆုံးသူ အရပ်သားစုစုပေါင်း (၈ဝ)ကျော်ခန့်နှင့် ထိခိုက်ဒဏ်ရာရသူ (၁၂ဝ)ဦးခန့် ရှိနေပြီဟု အဆိုကိုတင်သွင်းသူ မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။


ဆက်စပ် သတင်းများ