စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အိန္ဒိယမှထောက်ပံ့ငွေကန်ဒေါ်လာ၂၅သန်းကိစ္စ ရခိုင်ပြည်နယ်အစိုးရကို လွှတ်တော်တွင်မေးမြန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 10k

နီမင်းထွန်း
နိရဥ္စရာ၊ စက်တင်ဘာ ၂၄ / ၂ဝ၁၉

အိန္ဒိယနိုင်ငံမှ ထောက်ပံ့သော အမေရိကန် ဒေါ်လာ (၂၅) သန်းကို ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများ အကျိုး စီးပွားများ ဖြစ်ထွန်းလာရန် မည်သို့သုံးစွဲသည်ကို ရခိုင်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်တစ်ဦးက မေးမြန်းခဲ့သည်။

ယင်းမေးခွန်းကို ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ကျောက်တော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်(ခ) ဦးမောင်မောင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ထောက်ပံ့ လှူဒါန်းတဲ့ ဒေါ်လာ ၂၅ သန်းထဲက ၅ နှစ်အတွင်း မြို့နယ်တွေရဲ့ရငွေဟာ ဒေါ်လာ ၁၃ ဒသမ ၅၄၃၄၂၇သန်းကို ၁၇ မြို့နယ်အတွင်း ၅ နှစ်အတွင်း သုံးမယ်လို့ စာရင်းဇယားမှာ ဖော်ပြထားပြီးတော့ ကျန် ၁၁ ဒသမ ၄၅၆၅၇၃ သန်းကို ဘယ်လို စီမံဆောင်ရွက်သလဲ ဆိုတာကို ဖော်ပြတာမရှိတဲ့အတွက် ဒီမေးခွန်းကိုမေးရတာဖြစ်တယ်” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က လွှတ်တော်တွင်ပြောဆိုခဲ့သည်။

 ယင်းမေးခွန်းနှင့် ပတ်သက်ပြီး ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက “မောင်တောမှာ ဟိန္ဒူတွေနေထိုင်ဖို့အတွက် နေအိမ်အလုံး ၂၅ဝ ဆောက်တာက ဒေါ်လာ ၄ သန်းလောက် ကုန်ပါတယ်။ ပြည်ထောင်စု လူကယ်ပြန်ဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ ပြည်ထောင်စု / ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေပါ ပါဝင်တဲ့ အစည်းအဝေးကနေ ဖွံ့ဖြိုးမှုစီမံကိန်း ၂၂ ခုဆွဲထားတာရှိပါတယ်။ အဲဒီအတွက်  ၄ သန်း လောက်ကုန်ပါတယ်။ လက်ရှိ ၁၇ သန်း ကျန်ပါတယ်” ဟု ဖြေကြားခဲ့သည်။

 ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဘဏ္ဍာခွန်နှင့် ပတ်သက်၍ စီမံကိန်းတစ်ခုကိုလုပ်သောအခါ ၄င်းစီမံကိန်းမှ ပြန်လည် အကျိုးကျေးဇူး ရရှိနိုင်မည့် လုပ်ငန်းများကို ရွေးချယ်သင့်ကြောင်းကိုလည်း မေးခွန်းမေးမြန်းသူ ဦးမောင်သန်းစိန်က အကြံပြုပြောဆိုခဲ့သည်။

 

ဆက်စပ် သတင်းများ