ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့် ရခိုင်တွင် စိုက်ပျိုးရေးစရိတ်ချေးငွေပြန်ဆပ်မည့်ကာလ ဆိုင်းငံ့ပေးရန်တိုက်တွန်းသည့်အဆို ကန့်ကွက်သူမရှိ အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.5k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၇ / ၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် စိုက်ပျိုးရေးစရိတ်ချေးငွေပြန်ဆပ်မည့်ကာလအား ဆိုင်းငံ့ပေးရန် ပြည်နယ်အစိုးရအားတိုက်တွန်းသည့်အဆိုကို  ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို ဒီဇင်ဘာလ ၂၇ ရက်နေ့ကပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးရာတွင် ကန့်ကွက်သူမရှိခဲ့သလို ပြည်နယ်အစိုးရဘက်ကလည်း တစ်စုံတရာ မှတ်ချက်မပေးခဲ့သည့်အတွက် အတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု အဆိုရှင်က ပြောသည်။

"အစိုးရအဖွဲ့ကတော့ စိုက်/ဘဏ်ချေးငွေရဲ့ နည်းဥပဒေမှာလည်း ဒီလို အခက်အခဲတစ်စုံတရာဖြစ်နေရင်၊ အရေးပေါ်ကာလ၊ တစ်စုံတစ်ခု သဘာဝဘေးတစ်ခုခုနဲ့ ပတ်သက်လို့ ရှိခဲ့ရင်လည်း အဲဒီဥပဒေ နည်းဥပဒေမှာ နဂိုကလည်း အချိန်ကာလတစ်ခုကို စောင့်ဆိုင်းလို့ ရနိုင်တယ်ဆိုတဲ့ အနေအထားတွေကိုတော့ သူတို့မှာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်လို့ရတယ်ဆိုတာကိုတော့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းကတော့ အဲဒါတစ်ခုတော့ ချပြခဲ့တယ်"ဟု အဆိုတင်သွင်းသူ မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က နိရဥ္စရာကိုပြောသည်။

ယင်းအဆိုအား ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ကျောက်တော်မြို့နယ်မဲဆန္ဒနယ်မှ ဦးမောင်လှကျော်၊ မြောက်ဦးမြို့နယ်မဲဆန္ဒနယ်မှ ဦးထွန်းသာစိန်နှင့် သံတွဲမြို့နယ်မဲဆန္ဒနယ်မှ ဦးနိုင်ကြွေအေးတို့က ထောက်ခံဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။

"ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ဒေသများ၌ စိုက်ပျိုးရေးစရိတ်ချေးငွေများ သတ်မှတ်ထားသည့်အချိန်ကာလအတွင်း ပြန်လည်ပေးဆပ်ရန်မဖြစ်နိုင်သဖြင့် အချိန်ကာလတစ်ခုထိ ဆိုင်းငံ့ပေးပါရန် ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို"ကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေး၌ မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့နှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ယနေ့အချိန်ထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့်အတွက် လယ်သမားများမှာ ပြီးခဲ့သည့် စပါးစိုက်ရာသီတွင် ပုံမှန်ကဲ့သို့ မစိုက်ပျိုးနိုင်ခဲ့ဟု သိရသည်။

အခက်အခဲများကြားမှစိုက်ပျိုးနိုင်ခဲ့သည့် စပါးများမှာ လက်ရှိတွင် ရိတ်သိမ်းချိန်တန်သော်လည်း တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ကောင်းမွန်စွာမရိတ်သိမ်းနိုင်ဘဲ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့်အတွက် လယ်သမားများမှာ အခက်အခဲ အကြီးအကျယ်ဖြစ်ပေါ်လျက်ရှိသည်ဟုလည်း သိရသည်။

------------------------------

Unicode









ဆက်စပ် သတင်းများ