ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ လာမည့်ရွေးကောက်ပွဲမဝင်တော့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 9.5k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှသည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။ 

ဦးစံကျော်လှက “ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်အရွေးခံဖို့ အစီအစဉ် မရှိပါဘူး။ ကျနော် ဆုံးဖြတ် တာက ကျနော်ကလည်း အသက်ကလည်း ကြီးလာပြီ။ ပြီးတော့ ကျန်းမာရေးကလည်း ထင်သလောက် မကောင်းဘူး။ နောက်တစ်ခုကလည်း ကိုယ့်နောက်မှာရှိတဲ့ လူငယ်တွေအတွက်လည်း ကျနော် စဉ်စား ပေးရတာပေါ့လေ။ အဲဒါကြောင့်ပါဘဲ” ဟု ပြောဆိုသည်။

ဦးစံကျော်လှသည် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေသူတစ်ဦးဖြစ်သလို ရခိုင်အမျိုးသားပါတီ၏ မူဝါဒရေးရာ ကော်မတီအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ 

ယခုကဲ့သို့ အစဉ်အလာရှိသည့် ပါတီ ထိပ်တန်းခေါင်းဆောင်များ ရွေးကောက်ပွဲ ဝင်ရောက် မယှဉ်ပြိုင်သော်လည်း ပါတီအနေဖြင့် ကြီးကြီးမားမား ပြဿနာ မရှိနိုင်ဟု ၎င်းက ပြောဆိုသည်။  

“ ကျနော်တို့မပါလို့လည်း ဘာမှမဖြစ်ပါဘူး။ ပါတီမှာ အဲလိုဘဲ တစ်ယောက်နေရာကို တစ်ယောက်အစားထိုးပြီး ယူကြရတာပဲလေ။ ကျနော်တို့ရဲ့တာဝန်ကို လူငယ်တွေက လက်ဆင့်ကမ်းပြီးတော့ ယူသွားကြပါလိမ့်မယ်။ တာဝန်ကို သူတို့ယူနိုင်ပါတယ်။ သိပ်ပြီးတော့ ပြဿနာမရှိပါဘူး” ဟု ဆိုသည်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှာ ရခိုင်ပြည်နယ်တွင် အင်အားကြီးပါတီတစ်ခုဖြစ်ပြီး စည်းလုံးညီညွတ်စွာဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရာ ရခိုင်ပြည်နယ်တွင် အမတ်နေရာအများစုနေရာကို အနိုင်ရရှိခဲ့သည်။ 

လာမည့် နိုဝင်ဘာ ၂ဝ၂ဝ ရွေးကောက်ပွဲနှင့်  ၂ဝ၁၅ ရွေးကောက်ပွဲကို အခြေအနေကို မေးမြန်းရာ ၎င်းက“ ဒီ ၂ဝ၂ဝ ရွေးကောက်ပွဲက ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ အခြေအနေချင်း မတူတာတော့ မှန်ပါတယ်။ ၂ဝ၁၅ မှာတစ်ခါတည်း ANPက နာမည်နဲ့တစ်ခုတည်းလေ အဲဒီမှာ ကျနော်တို့ စုပေါင်းထားတာ။ အခုကျတော့ သုံးပါတီဆိုတော့ ၂ဝ၁၅ နဲ့ တူတော့ မတူနိုင်ဘူး။ ဒါသေချာပါတယ်။ ၂ဝ၁၅ ကလို အခြေအနေမျိုးတော့ မရှိလောက်ပါဘူး။ ဒါပေမယ့် အတိုင်းအတာတစ်ခုလောက်တော့ အောင်မြင်မှု ရနိုင်မှာပါ” ဟု ဦးစံကျော်လှက ပြောသည်။ 

ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် နောက်ထပ် ရခိုင်ပါတီ နှစ်ခုနှင့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရမှာ ဖြစ်သလို တစ်ခြား အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဖြစ်သည်ဟု ဆိုသည်။  

“ ကိုယ်တို့အချင်းချင်း ပြိုင်ဆိုင်ရတာလည်း ရှိပါတယ်။ အဲဒီမှာ ALDရှိပါတယ်။ ပြီးတော့ ဦးဆောင်ပါတီရှိတယ်။ ကိုယ့် အမျိုးသားပါတီ ၃ခု ရှိပါတယ်။ ဒီ ၃ခု အတော်လေး ယှဉ်ပြိုင် ကြရမှာပါပဲ။ NLD ပါတီကတော့ ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်ပိုင်းက မြို့နယ်တွေမှာတော့ အခြေအနေ မကောင်းနိုင်ပါဘူး။ သို့သော် တောင်ဘက်ပိုင်းက မြို့နယ်မှာတော့ အတော်လေး အောင်မြင်မှု ရနိုင်ပါသေးတယ်” ဟု သုံးသပ် ပြောဆိုသည်။

ရခိုင်ပါတီများ အကွဲကွဲအပြဲပြဲရှိနေသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်မြို့နယ်များတွင် NLD နိုင်စရာ အကြောင်းမရှိဟု သူက ပြောဆိုသည်။ 

“ ရခိုင်ပြည်မြောက်ပိုင်းမှာတော့ ကျနော်တို့အချင်းချင်း ကွဲလို့ NLD စားသွားစရာ အကြောင်းမရှိဘူး။ ကျနော်တို့ ရခိုင်ပါတီဟာ မြောက်ဘက်ပိုင်းမှာ ဘယ်လောက်ပဲကွဲကွဲ၊ ဒီထက်မက ကွဲချင်ရင်လည်းကွဲ NLDနိုင်စရာ အကြောင်း မရှိဘူး။ သို့သော် အဲဒီလို ကျနော်တို့ ကွဲနေတဲ့အတွက် ဟိုးဘက် မတိမ်းမယိမ်းဖြစ်နေတဲ့ မြို့နယ် တစ်ချို့မှာတော့ ရခိုင်ပါတီတွေ NLD ကို ရှုံးသွားလိမ့်မယ်” ဟု ပြောဆိုသည်။ 

လက်ရှိတွင် တိုင်းရင်သား ပြည်နယ်များတွင်  တိုင်းရင်းသားပါတီများ အနိုင်ရရှိရေးအတွက် ရှမ်း၊ ချင်း၊ ကချင်၊ မွန်၊ ကရင် ပါတီများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် မဲဆန္ဒနယ်မြေများကို ခွဲဝေ၍ ယှဉ်ပြိုင် ပြင်ဆင်နေကြသလို  ရခိုင်ပြည်နယ်တွင် ရခိုင်ပါတီများအနေဖြင့် ထိုကဲ့သို့ ဆွေးနွေးတိုင်ပင်ပြီး မဲဆန္ဒနယ် ခွဲဝေပြီး ပြိုင်ဆိုင်ရန် အလားအလာမရှိဟု ပြောဆိုသည်။   

“ ပထမဆုံးကတော့ ရခိုင်ပါတီဟာ ပထမဆုံး စုစည်းဖြစ်ကြတယ်။ ပြီးတော့ ပြန်ကွဲတယ်။ ကျနော်တို့ ပြန်ကွဲတဲ့ နောက်ပိုင်းမှာ တစ်ခြားတိုင်းရင်းသားဒေသတွေက သဘောပေါက်ပြီးတော့ အားလုံးစုစည်းလာကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့က အကွဲကွဲ အပြဲပြဲ။ အဲတော့ ကျနော်တို့က ရွေးကောက်ပွဲ မတို်င်မီ စုပေါင်းဖို့၊ ပြန်လည် ဆုံဆည်းဖို့ ကျနော်တို့ ကြိုးစားသေးတယ်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေခဲ့ဘူး။ ဟုတ်ပြီ။ အဲဒါ ပေါင်းစည်းလို့၊ ပါတီ တစ်ခုနဲ့တစ်ခု ပေါင်းစည်းဖို့ အဆင်မပြေရင် ကျနော်တို့က ပြင်ပပိုင်းက ပါတီတွေ မနိုင်ဖို့အတွက် ကျနော်တို့ဟာ စုစုစည်းစည်းနဲ့ ညှိနှိုင်းပြီးတော့ ရွေးကောက်ပွဲ ဝင်နိုင်ပါသေးတယ်။ သို့သော်လည်း အဲဒီတစ်ချို့ကို ကျနော်တို့လည်း အခုထိ မလုပ်နိုင်သေးပါဘူး။ အခုတော့ ကိုယ့်ပါတီ၊ သူ့ပါတီ….။ နောက်ပိုင်းမှာတော့ ကိုယ့်ပါတီ၊ သူ့ပါတီ အနိုင်ရပြီးတဲ့နောက်မှာ နောက်ထပ် ဘယ်လိုလုပ်ကြမလဲ။ ဘယ်လိုလုပ်သင့်လဲ။ ဒါကြောင့်မို့လို့ ဒီပါတီဟာ အခြေအနေတစ်ခုဆီကို ရောက်တိုင်းရောက်တိုင်း ဒီရခိုင်ပါတီတွေဟာ စကားပြောဖို့လိုအပ်တယ်။ ကျနော်ကတော့ အဲလိုပဲ မြင်တယ်” ဟု ပြောဆိုသည်။ 

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ဖြစ်/မဖြစ်အပေါ် ဦးစံကျော်လှက “ဖြစ်နိုင်တယ်။ မဖြစ်နိုင်ဘူးဆိုတာက ရွေးကောက်ပွဲကျင်းပတဲ့ သူတွေနဲ့ ဆိုင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ လူတွေက ဖြစ်အောင် ကြိုးစားပြီး လုပ်မယ်ဆိုရင် မလုပ်နိုင်စရာ အကြောင်းမရှိဘူး။ မလုပ်ရင်လည်း မလုပ်လို့ ရတယ်။ မလုပ်ရင်လည်း မလုပ်နိုင်တဲ့ အခြေအနေမျိုးလည်း ရှိတယ်။  အဲတော့ ရွေးကောက်ပွဲ ကျင်းပတယ် ဆိုတာ ဒီအစိုးရရဲ့ ဂုဏ်သိက္ခာပဲ” ဟု ပြောဆိုသည်။ 


ဆက်စပ် သတင်းများ