သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

AA ကိုအကြမ်းဖက်အဖွဲ့အဖြစ်မှပယ်ဖျက်ရန် ရခိုင်လွှတ်တော်တွင်တိုက်တွန်းကြောင်းအဆို ကန့်ကွက်သူမရှိ ဆက်ဆွေးနွေးရန်အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7k

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ သျှင်မင်းဇံ
နိရဥ္စရာ၊ ဇန်နဝါရီ ၁၁ / ၂ဝ၂ဝ

ယနေ့ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး  (ပထမ) နေ့တွင် ရက္ခိုင့်တပ်တော် (AA) အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိဘဲ ဆက်ဆွေးနွေးရန်အတည်ပြုခဲ့သည်ဟု သတင်းရရှိသည်။

၎င်းအဆိုကို မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဦးထွန်းသာစိန်က “ ပြည်တွင်းပြည်ပ ပညာရှင်တွေကလည်း ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် တိုက်တွန်းတယ်။ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ နောက်တစ်ခါ တပ်မတော်နဲ့ ULA/ AA ကလည်း အပြန်အလှန် ယုံကြည်မှု နားလည်မှုရတယ်။ တစ်ခုတည်းသောအဟန့်အတားက အကြမ်းဖက် သတ်မှတ်ထားတာဖြစ်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်အောင် ဒီအဆိုကို တင်သွင်းရတာ ဖြစ်ပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

၄င်းအဆိုအား တင်သွင်းရခြင်းမှာ ငြိမ်ချမ်းရေးကို အမှန်တကယ်တည်ဆောက်မည်ဆိုလျှင် အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာထားခြင်းကို ပယ်ဖျက်မှသာလျှင် ငြိမ်းချမ်းရေး ခရီးကို ရောက်မည်ဖြစ်ကြောင်း အဆိုရှင် ဦးထွန်းသာစိန်က ပြောသည်။

“ ဒီနေရာမှာ အဟန့်အတားတစ်ခုရှိနေတာက ငြိမ်းချမ်းရေးကို တကယ် တည်ဆောက်မယ်ဆိုရင် ငြိမ်ချမ်းရေးကို အဟန့်အတားပြုနေတာက အကြမ်းဖက်ဆိုတဲ့ ပုဒ်မ၊ မတရားအသင်းဆိုပြီး ကြေညာထားတဲ့ အမည်နာမတွေပေါ့။ ဆိုတော့ အကြမ်းဖက်အဖွဲ့ဆိုတဲ့ အမည်ကို ပယ်ဖျက်မှသာ ငြိမ်းချမ်းရေး ခရီးရောက်မှာ ဖြစ်တယ်” ဟု ဦးထွန်းသာစိန်က ပြောသည်။

၄င်းအဆိုကို ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် ကန့်ကွက်သူမရှိသည့်အတွက် ယင်းအဆိုကို ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရက ရက္ခိုင့်တပ်တော် (AA) အား ပြီးခဲ့သော ၂ဝ၂ဝ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ၍  မတရား အသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည်။


ဆက်စပ် သတင်းများ