သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်ကြောရေးကြောင့် သေဆုံးသွားသူများအတွက် တရားမျှတမှု တောင်းဆိုခဲ့သည့် လူငယ်ခေါင်းဆောင်ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 3.1k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလိုင် ၃/ ၂ဝ၁၉

စစ်ကြောရေးကြောင့်သေဆုံးသွားသူများအတွက် တရားမျှတမှုကိုရရှိရန် စစ်တွေတွင် ပိုစတာများ ကိုင်ဆောင်ပြီး သရုပ်ပြ တောင်းဆိုခဲ့သည့် လူငယ်ခေါင်းဆောင်ကိုသန်းလှကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း သိရသည်။

စစ်တွေအမှတ်(၁)ရဲစခန်းမှ ရဲ ၃ ဦးနှင့် အရပ်ဝတ် ၄ ဦးတို့သည် ဇူလိုင်လ ၂ ရက်နေ့ ည ၈ နာရီကျော်အချိန်တွင် ကိုသန်းလှနေထိုင်ရာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်(၄)ရှိနေအိမ်သို့ လာရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

"ရဲတွေက သန်းလှ မရှိဘူးလားလို့ မေးတယ်။ မရှိဘူးလို့ပြောလိုက်တယ်။ ရဲတွေက တခြားဟာတွေတော့ မပြောခဲ့ဘူး"ဟု ကိုသန်းလှ၏ မိသားစုဝင် တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ယင်းအပြင် ရဲများက ကိုသန်းလှ၏နေအိမ် အပေါ်နှင့် အိမ်အောက်တို့ကို မွှေနှောက်ရှာဖွေမှုများပြုလုပ်ခဲ့ကာ ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူ သွားခဲ့သည်ဟုလည်း မိသားစုများက ပြောသည်။


ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် မင်းဂံနယ်မြေရဲစခန်း၊ စစ်တွေအမှတ်(၁)နှင့် အမှတ်(၂)ရဲစခန်းတို့ထံ နိရဥ္စရာသတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေမှုနှင့်ပတ်သက်ပြီး ကိုသန်းလှအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထား၍ အဆက်အသွယ်မရရှိခဲ့ပါ။
 
ကိုသန်းလှသည် ရခိုင်ပြည်နယ်အတွင်း စစ်ကြောရေးကြောင့် သေဆုံးသွားသူများ အတွက် တရားမျှတမှုကိုအလိုရှိသည်ဟုဆိုကာ ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် လူငယ် ၁ဝ ဦးခန့်နှင့်အတူ သရုပ်ပြတောင်းဆိုမှုကို ပြုလုပ်ရန် ဦးဆောင်စီစဉ်ခဲ့သူ ဖြစ်သည်။

ဆက်စပ် သတင်းများ