သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေမြို့ ပြန်ကြားရေးဝန်ကြီးဌာနရုံးရှေ့ စျေးဆိုင်ခန်း ၆ခန်းဖြိုဖျက်ခံရ၍ နစ်နာမှုများရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 9.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၂၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ စျေးဆိုင်ခန်း ၆ ခန်းကို ဇူလိူင် ၂၈ ရက် နေ့လယ် ၁၂ နာရီခန့်က ဖြိုဖျက်ခံလိုက်ရသဖြင့် အထူးနစ်နာမှုများ ရှိခဲ့သည်ဟု ဖြိုဖျက်ခံလိုက်ရသည့် ဆိုင်ပိုင်ရှင်းများက ပြောသည်။

“သူတို့က ဒီလ ၂၃ရက်နေ့က စာပေးတယ်။ ၂၈ ရက်နေ့ နောက်ဆုံးလို့ ပြောပါတယ်။ အဲဒါနဲ့ အခုလို ဆိုင်ခန်းတွေကို သူတို့ လာရုတ်သိမ်းတော့တာပါပဲ။ ကျွန်တော်တို့မှာ စာချုပ်နဲ့ ဒီနေရာမှာ ဆိုင်ခန်းဆောက်တာပါ။ စည်ပင်က အခွန်ဆောင်ပြီး ကျွန်တော်တို့ ဆိုင်ခန်းတွေ ဆောက်တာပါ။ အိမ်သာကိုတောင်  ကျွန်တော်တို့ အခွန်ဆောင်ပြီး ဆောက်တာပါ။ စာရွက်စာတမ်းတွေ အကုန်သက်သေရှိပါတယ်”ဟု ဆိုင်ခန်းဖယ်ရှားခံရသူ ဦးထွန်းဦးကျော်က ပြောသည်။

အဆိုပါဆိုင်ခန်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နှင့် စည်ပင် ဝန်ကြီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် ငှားရမ်းကာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတို့မှာ ၂ဝ၁ဝ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် နှစ်ဘက်သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြပြီး စာချုပ်မှာ ၅ နှစ်တစ်ကြိမ် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြကာ ယခု သက်တမ်းမကုန်ဆုံးသေးဘဲ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ တာဝန်ရှိသူများအပါအဝင် ဆိုင်ခန်းများကို လာရောက် ဖြိုဖျက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါဆိုင်ခန်းများမှာ အလှပြုပြင်ရေးဆိုင်၊ ပန်းချီဆိုင်၊ ဂျာနယ်အရောင်းဆိုင်၊ ကွမ်းယာဆိုင်နှင့် ဖုန်းဆိုင်တို့ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင် ဦးဆောင်ကာ ဇူလိုင်လ ၂၃ ရက်နေ့က ဆိုင်နေရာများမှ ဖယ်ရှားပေးရန် အကြောင်းကြားစာ ပို့ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့မှာကလည်း စာချုပ်နဲ့ အခွန်ဆောင်ပြီး နေတာပါ။ သက်သေလည်း အကုန်ရှိပါတယ်။ တရားစွဲဖို့လည်း ရှိပါတယ် အခုလိုလုပ်တဲ့အပေါ်ကို။ ကျွန်မတို့ နေပြည်တော်ရော၊ စည်ပင်ကိုရော၊ အစိုးရဌာနကိုရော အသနားစာတင်ထားပါတယ်။ အခုလိုလုပ်တော့ မြေနေရာကို ပေးစေချင်ပါတယ်။  သူတို့က ဆိုင်ခန်းတွေကို မဖယ်ပေးရင် တရားစွဲမယ်တို့ ပြောပါတယ်။ ရဲတွေ၊  မီးသတ်ဌာနက လူတွေနဲ့ လာပါတယ်”ဟု ဖယ်ရှားခံရသော ဆိုင်ခန်းပိုင်ရှင် ဒေါ်အေးမိစံက ပြောသည်။

ဆိုင်ခန်းပိုင်ရှင်များမှာ ဦးထွန်းဦးကျော်၊ ဒေါ်အေးမိစံ၊ ဦးသိန်းထွန်းအောင်၊ ဒေါ်မခင်ဦး၊ ဦးမောင်နီ၊ ဦးကောင်းစံရှိ တို့ဖြစ်ပြီး စာချုပ်ချုပ်ဆိုစဉ်ကာလအတွင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး၏ ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်းမြိုင်နှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ယခုလက်ရှိတာဝန်ကျနေသူမှာ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ဖြစ်ကြောင်း သိရသည်။

“တကယ် ဒီကိစ္စ တရားဥပဒေအတိုင်းသာ ဆောင်ရွက်သွားမယ်ဆိုရင် ကျွန်တော် လိုက်ပါကူညီ ဆောင်ရွက်ပေးမှာပါ။ ဆိုင်ခန်းပိုင်ရှင်တွေဘက်က သက်သေအထောက်ထားတွေ အကုန် ရှိပြီးသားပါ။ သူတို့ ကျူးကျော်ပြီး ဆောက်ထားတာလည်း မဟုတ်ဘူး။ နှစ်ဦးသဘောတူ စာချုပ်နဲ့ စည်ပင်ကလည်း ခွင့်ပြုချက်နဲ့ အခွန်ဆောင်ပြီး ဆောက်ထားကြတာပါ ” ဟု အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်းက ပြောသည်။

အဆိုပါစာချုပ်သက်တမ်းမှာ  ၂ဝ၂ဝခုနှစ် ဧပြီလ ၁ ရက်နေ့ကုန်ဆုံးမည်ဖြစ်ပြီး ဆိုင်ခန်း ပိုင်ရှင်များမှာ သက်တမ်းမကုန်ဆုံးမီ ၄င်းတို့ ဆိုင်ခန်းများကို ယခုကဲ့သို့ လုပ်ရပ် အပေါ် ကျေနပ်မှုမရှိသောကြောင့် ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် စစ်တွေမြို့ရှိ ဦးဥတ္တမ ပန်းခြံရှေ့၌ အသံတိတ်ဆန္ဒဖော်ထုတ်ရန် တာဝန်ရှိသူများထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်း နေကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ