သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေတွင် ရုပ်ရှင်ရုံမရှိဘဲ ဖြစ်နေသည့်အပေါ်ပြည်သူ့လွှတ်တော်တွင်မေးခွန်းထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၃/၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယခင်က ရုပ်ရှင်ရုံ ၄ ရုံရှိခဲ့သည်။ ယခု တစ်ရုံမှ မရှိတော့သဖြင့် စစ်တွေတွင် ရုပ်ရှင်ရုံများဆောက်လုပ်ပေးရန် အစီစဉ်မရှိ မေးခွန်းကို ဇူလိုင်လ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် မြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောမှ မေးမြန်းခဲ့သည်။

ယင်းမေးခွန်း အပေါ်  ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက စစ်တွေတွင် ရုပ်ရှင်ရုံ ဆောက်လုပ်ရန် အစီအစဉ်မရှိကြောင်း လွှတ်တော်တွင် လာရောက်ဖြေဆိုခဲ့သည်။
 
မြောက်ဦးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက “လူမျိုးတစ်မျိုးကို ကိုယ်စားပြုတဲ့ ပြည်နယ်တစ်ခုလုံးမှာ  ရုပ်ရှင်ရုံတစ်ရုံမှ မရှိဘူး။ အရင် ခေတ်တုန်းကတောင် ရုပ်ရှင်ရုံတွေ ရှိသေးတာပဲ။ အခုဒီမိုကရေစီခေတ်ကို ရောက်မှ ရုပ်ရှင်ရုံ တစ်ရုံမှ မရှိဘူးဆိုတော့ ဒါကမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒါ ရသင့်ရထိုက်တဲ့ ဥပဒေ ဘောင်ထဲက အခွင့်ရေး တစ်ရပ်ပဲလေ။ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာက လမ်းနဲ့ မီးပြည့် စုံတာ လောက်နဲ့ မခေါ်ပါဘူး။ အနုပညာလည်း ဖွံ့ဖြိုးဖို့ လိုသေးတယ်လေ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဦးဦးလှစော၏မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဖြေကြားရာတွင် စစ်တွေတွင် ယင်းကဲ့သို့ ရုပ်ရှင်ရုံများတည်ဆောက်ပေးရန်အစီအစဉ်မရှိသလို ရုပ်ရှင်ရုံဆောက်လုပ်ရန်အတွက် ရင်းနှီးမြှုုပ်နှံလိုသည့် လုပ်ငန်းရှင်များက အဆိုပြု လျှောက်ထားလာမည်ဆိုပါက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကြီးကြပ် ဆောင်ရွက်သွားနိုင်မည်ဟုသာ ဖြေဆိုခဲ့သည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ယခင်က ရုပ်ရှင်ရုံ ၄ ရုံရှိခဲ့ပြီး ၎င်းတို့မှာ  မြို့မရုပ်ရှင်ရုံ၊ မြရုပ်ရှင်ရုံ၊ အသံထွက်ရုပ်ရှင်ရုံနှင့် ဇိမ်ရုပ်ရှင်ရုံတို့ ဖြစ်ကြသည်။

အဆိုပါရုပ်ရှင်ရုံလေးရုံအား ဇိမ်ရုပ်ရှင်ရုံကို ၁၉၇၃ ခုနှစ်၊ မြရုပ်ရှင်ရုံကို ၁၉၉၈ ခုနှစ်၊ အသံထွက် ရုပ်ရှင်မြေနေရာကို ၂ဝဝ၇ ခုနှစ်နှင့် မြို့မရုပ်ရှင်ရုံကို ၂ဝ၁၁ ခုနှစ်တို့တွင် ပုဂ္ဂလိကအသီးသီးထံသို့ လွဲပြောင်း ရောင်းချခဲ့ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်ရုံလေးရုံအနက် မြို့မရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် ၏ ၁၅-၁၂-၂ဝ၁ဝ ရက်စွဲပါအမိန့်အမှတ်(၁ဝ၁/၂ဝ၁ဝ)နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်ဖြစ်သူ ဦးထွန်းမောင် သို့ ကျပ် ၁၅၆ သန်းနှင့် ၂၈-၁၂-၂ဝ၁၁ ရက်နေ့တွင် အပြီးအပိုင် လွှဲပြောင်းရောင်းချပေးခဲ့ကြောင်း၊ မြရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ၁၇-၈-၁၉၉၈ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ် (၅/၁၉၉၈) အရ ဒေါ်တင်မြသို့ ကျပ် ၄.၂ဝ သန်းနှင့် ၂၉-၁ဝ-၁၉၉၈ ရက်နေ့တွင် အပြီးအပိုင် လွှဲပြောင်းရောင်းချပေးခဲ့ကြောင်း၊ အသံထွက်ရုပ်ရှင်မြေနေရာကို ပုဂ္ဂလိက ပိုင်ပြုလုပ်ရေး ကော်မရှင်၏ ၂၁-၅-၂ဝဝ၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၈/၂ဝဝ၆)အရ ဒေါ်သူဇာဇံသို့ ကျပ် ၆.၅၁ သန်းနှင့် ၂၅-၄-၂ဝဝ၇ ရက်နေ့တွင် အပြီးအပိုင် လွှဲပြောင်း ရောင်းချပေးခဲ့ကြောင်း၊ ဇိမ်ရုပ်ရှင်ရုံကို ကုန်သွယ်ရေးဌာနသို့ ၁၉၇၃ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း ဒုဝန်ကြီး ဦးအောင်လှထွန်းက ဖြေကြားရာတွင် ထည့်သွင်း ပြောကြားသွားသည်။

ထိုရုပ်ရှင်ရုံများအနက် မြို့မရုပ်ရှင်ရုံမှအပ ကျန်ရုပ်ရှင်ရုံများသည် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ကြီးကြပ်ဆောင်ရွက် နိုင်ခြင်းမရှိသည့် ရုပ်ရှင်ရုံများဖြစ်သည်ဟု သိရသည်။

မြို့မရုပ်ရှင်ရုံဝယ်ယူသူ ဦးထွန်းမောင်က မြို့ ရုပ်ရှင်ရုံ ကို ၂ဝ၁၃ ခုနှစ်အထိ ရုပ်ရှင်ပြသခြင်း အတွက် အသုံးပြုခဲ့ကြောင်း၊ ယခုလက်ရှိတွင် မြို့မရုပ်ရှင်ရုံ၏အောက်ထပ်တွင် စားသောက်ဆိုင် ဖွင့်လှစ်ထားပြီး အပေါ်ထပ်တွင် ရုပ်ရှင်ပြသနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုပ်ရှင် စတင်ပြသနိုင်မည့် နေ့ရက်ကို သတ်မှတ်ခြင်း မရှိနိုင်သေးပါကြောင်း ဒုဝန်ကြီးက ပြောကြားသည်။

စစ်တွေမြို့၊ ဘောင်းဒွတ်သားစုရပ်ကွက်မှ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သူ မမတင်ဌေးက “ ရုပ်ရှင်ရုံရှိတယ်ဆိုရင်  သူငယ်ချင်းတွေနဲ့ ကျောင်းပိတ်ရက်ပဲဖြစ်ဖြစ်၊ အလုပ်နားရက်ပဲဖြစ်ဖြစ် အတူတူရုပ်ရှင်သွားကြည့်လို့ရတယ်။ အိမ်မှာထိုင်ရင်း ဖုန်းပွတ်နေမယ့်အစား သူငယ်ချင်းတွေစုပြီး နားရက်လေးတွေမှာ ရုပ်ရှင်သွားကြည့်ကြရင် တစ်ယောက်နဲ့ တစ်ယောက်လည်း ပိုသံယောဇဉ် ရှိလာစေတယ်။ ပျော်ဖို့လည်း ကောင်းမယ်လို့ ကျွန်မထင်ပါတယ်” နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
 
လက်ရှိတွင် စစ်တွေမြို့၌ မေယုစျေးသစ်ကို အထပ်မြင့်အဆောက်အဦ အဖြစ် တည်ဆောက် လျက်ရှိရာ အပေါ်ဆုံးထပ်တွင် ရုပ်ရှင်များပါထည့်သွင်းတည်ဆောက်နေကြောင်း သိရသည်။

အလားတူ စစ်တွေမြို့ မိဇံရပ်ကွက် ပန်းခြံတွင်လည်း ရုပ်ရှင်သရုပ်ဆောင်လွင်မိုးဦးဆောင်၍ ရုပ်ရှင်ရုံတစ်ရုံဆောက်လုပ်ရန် ပြည်နယ်အစိုးရအဖွဲ့ထံတွင် မြေနေရာတောင်းခံလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူမြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံ၊ မောင်တောမြို့ရှိ အသံထွက်ရုပ်ရှင်ရုံ၊ သံတွဲမြို့ရှိ သိန်းရုပ်ရှင်ရုံနှင့် ရတနာ(စိတ်ဖြေရာ)ရုပ်ရှင်ရုံများရှိခဲ့ပြီး  ထိုရုပ်ရှင်ရုံများကိုလည်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က လုပ်ငန်းရှင်များသို့ အပြီးအပိုင် ရောင်းချခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ