ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

နှစ်(၈ဝ) ပြည့်ဆရာတော်ဦးဥတ္တမ အောက်မေ့ဖွယ်အခမ်းအနား ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်းတက္ကသိုလ်တွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.8k

နိရဥ္စရာ၊ စက်တင်ဘာ ၈/ ၂ဝ၁၉

နှစ်(၈ဝ) ပြည့် ဆရာတော်ဦးဥတ္တမအခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မဟာချူလာလောင်ကွန်းတက္ကသိုလ်တွင် ရခိုင်နွယ်ဖွား ကျောင်းသား ရဟန်းတော်များမှဦးစီးကာ စက်တင်ဘာ ၇ ရက် စနေနေ့က  ၂ရက်စောကာ ကြိုတင်ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

အခမ်းအနားအား မဟာချူလာ လောင်ကွန်းတက္ကသိုလ် ပင်မဌာနတွင် ကျင်းပခဲ့ကြပြီး ရခိုင်နွယ်ဖွား ရဟန်းတော်များ သာမက မွန်၊ ကရင်၊ ပအို့ဝ် ကျောင်းသား ရဟန်းတော် အဖွဲ့များမှ တက်ရောက်ပြီး အောက်မေ့ အထိမ်းအမှတ်အဖြစ် လွမ်းသူ ပန်းခွေများချကာ ဂုဏ်ပြုခဲ့ကြကြောင်း ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ) သတင်းနှင့် ပြန်ကြားရေး ဌာန၏ သတင်းအရ သိရသည်။ 

အာရှနေဝန်း၊ မြန်မာ့ လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော် အရှင်ဦးဥတ္တမအား အောက်မေ့ဂုဏ်ပြုသည့် အနေဖြင့်  ဦးဥတ္တမနှင့် ပတ်သတ်သောခေါင်းစဉ်များဖြင့် စကားပြော စွမ်းရည်ပြိုင်ပွဲ တစ်ခုကိုလည်း ထည့်သွင်း ကျင်းပခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံ တက္ကသိုလ်အသီးသီးတွင် တက်ရောက် ပညာသင်ယူနေကြသော ရခိုင်နွယ်ဖွား ကျောင်းသား ရဟန်းတော် (၁၃) ပါးမှ ပါဝင်ယှဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများအပါအဝင် ဆု (၅) ဆုကိုပေးအပ် ချီးမြှင့်ခဲ့သည်ဟု သိရသည်။ 

အခမ်းအနားကို ဖိတ်ကြားထားသော ကျောင်းသား အသင်း အသီးသီးမှ ကိုယ်စားလှယ်ဆရာတော်မှတက်ရောက်ပြီး၊ လွမ်းသူ ပန်းခွေများချကြပြီး၊ အမှာစကားများ ပြောကြား ခဲ့ကြသည်ဟု သိရှိရသည်။

စက်တင်ဘာလ ၉ ရက်နေ့သည် နှစ် (၈ဝ) ပြည့် ဆရာတော် ဦးဥတ္တမနေ့ ဖြစ်ပြီး ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဆရာတော်အား အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် အခမ်းအနားများ ကျင်းပသွားမည်ဟု သတင်းရရှိသည်။

ဆက်စပ် သတင်းများ