စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားဂျပန်တွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.8k

စိုးဇံအောင်
နိရဥ္စရာ၊စက်တင်ဘာ ၈/၂ဝ၁၉

အာရှနေဝန်း၊မြန့်မာ့လွတ်လပ်ရေး မီးရှူ းတန်ဆောင်၊ ရခိုင့် အာဇာနည် ဆရာတော် ဦးဥတ္တမ ပျံလွန်တော် မူသော နှစ်(၈ဝ) ပြည့်အခမ်းအနားကို ဂျပန်နိုင်ငံတွင် ယနေ့ ကျင်းပခဲ့သည်။

အခမ်းအနားကို ရက္ခိုင်လူငယ်များ အစည်းအရုံး-ဂျပန် (Arakan Youths Union-Japan)က ဦးဆောင်ပြီး၊ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Komagome, Bunka Center ၌ ဒေသစံတော်ချိန် ညနေ ၅ နာရီမှ ၉ နာရီထိ ကျင်းပ ခဲ့ခြင်း ဖြစ်သည်။

ရက္ခိုင်လူငယ်များ အစည်းအရုံး-ဂျပန်၏ ဥက္ကဋ္ဌ ကိုကျော်သန်းလှိုင် က"ဆရာတော် ဦးဥတ္တမဟာ မြန်မာနိုင်ငံလွတ် လပ်ရေး အတွက် တော်လှန်ရေး တရားကို ရွတ်ရွတ်ချွံချွံ ဟောပြောခဲ့တယ်။ ထောင် မကြောက်၊ တန်းမကြောက်နဲ့ ပေါ့။ ဆရာတော်ရဲ့ တရား တွေကြောင့် တော်လှန်ရေး စိတ်၊မျိုးချစ်စိတ်တွေ နိုးကြွ လာခဲ့ကြတယ်။ ဒါပေမယ့် ခေတ်အဆက်ဆက်က အစိုးရတွေဟာ ဆရာတော်ကို အသိအမှတ်ပြုတာ မရှိခဲ့ဘူး။ ဆရာတော်ရဲ့ ကျေးဇူးဂုဏ် ကို အောက်မေ့ လွမ်းဆွတ်တဲ့ အနေနဲ့ ဒီ အခမ်းအနားကိုကျင်းပရတာပါ"ဟု နိရဥ္စရာ သို့ပြောသည်။

အခမ်းအနားတွင် ဆရာတော်၏ အတ္ထုပ္ပတ္တိကို ဟောပြော ခြင်း၊ဆရာတော်၏ ကျေးဇူးတော်ကို အောက်မေ့ လွမ်း ဆွတ်သည့်အနေဖြင့် ဂုဏ်ပြု ပန်းခွေများ ပူဇော်ခြင်းတို့ ကို ပြုလုပ်ခဲ့သည် ဟု သိရသည်။ ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်နေ့တွင် စစ်တွေမြို့ ၊ ရူပရပ်၌ အဖ ဦးမြ ၊ အမိဒေါ် အောင်ကြွဖြူတို့က မွေးဖွားခဲ့သည်။ ငယ်နာမည် ပေါ်ထွန်းအောင်ဖြစ်ပြီး (၁၆) နှစ်သားအရွယ်တွင် ရှင်သာမဏေ ဝတ်ကာ ရှင်ဥတ္တမဟု ဘွဲ့အမည်တွင်ခဲ့သည်။

ဆရာတော်သည် တောင်ငူမြို့တွင် ကျင်းပသော ရှင်သာမဏေ စာပြန်ပွဲတွင် ပထမရခဲ့သဖြင့် ချမ်းသာကြွယ် ဝသော ရှမ်းအမျိုး သမီးကြီးတစ်ဦးက ကာလကတ္တားသို့ ပို့၍ ပညာဆက်လက် သင်ကြားစေသည်။ ကာလကတ္တား တွင် အင်္ဂလိပ်ဘာသာ (၁ဝ)တန်း အောင်မြင်သည်အထိ သင်ကြားကာ မြန်မာနိုင်ငံသို့ ပြန်လာပြီး ပခုက္ကူမြို့တွင် ဗုဒ္ဓဘာသာ စာပေ ကျမ်းဂန်များကို ဆက်လက်သင်ယူ သည်။ ထို့နောက် ရဟန်းခံကာ အိန္ဒိယသို့ ပြန်လည်ကြွရောက် ပြီး အိန္ဒိယ ကောလိပ်တစ်ခုတွင် ဧည့်ပါမောက္ခအဖြစ်ဖြင့် ပါဠိနှင့် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များကို သင်ကြားပို့ချခဲ့သည်။ အိန္ဒိယတွင် သီတင်းသုံးနေစဉ် ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဌအဖြစ်လည်း တင်မြှောက်ခံရသည်။ အိန္ဒိယတွင် (၈)နှစ်ခန့် သီတင်းသုံးပြီးနောက် ပြင်သစ်နိုင်ငံပါရီမြို့သို့ ပညာသင် ကြွရောက်သည်။ ရုရှ-ဂျပန်စစ်ပွဲတွင် ဂျပန်က အနိုင်ရခဲ့ကြောင်း သတင်းကြားသိရသောအခါ ဂျပန်သို့ ပညာသင်ရန် ဆက်လက်ထွက်ခွာခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာ ပြီး အမျိုးသားနိုင်ငံရေး စည်းရုံး ဟောပြောမှု များစွာ ပြု လုပ်ခဲ့ခြင်းကြောင့် ဖမ်းဝရမ်းအကြိမ်ကြိမ်အထုတ်ခံခဲ့ရပြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဝံသာနုရက္ခိတတရား ဟောပြောနေစဉ် အဖမ်းခံခဲ့ရသည်။

ဆရာတော်သည် နိုင်ငံရေးဖြင့် ပထမဆုံး အပြစ်ပေးခံရသည့် ရဟန်းတော်ဖြစ်သည်။ အကြိမ်အကြိမ် ဖမ်းဆီးခံခဲ့ရသော်လည်း မြန်မာပြည်လွတ်လပ်ရေးအတွက် ဝံသာနု ရက္ခိတတရားများကို လှည့်လည် ဟောပြောခဲ့ သည့် အာဇာနည် ဆရာတော်ဖြစ်သည်။

ဆရာတော်သည် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်းများစွာ(အနည်းဆုံး-နိုင်ငံပေါင်း-၃ဝ ခန့်) သို့ လှည့်လည်ရောက်ရှိခဲ့သူဖြစ်ပြီး အင်္ဂလိပ်၊ အီတလီ၊ ပြင်သစ်၊ ပါဌိ၊ သင်္ကရိုက်၊ တိဗက်၊ ဟိန္ဒူ၊ ဂျပန်၊ နာဂရီနှင့် ဘင်္ဂလီစသော ဘာသာစကား (၁ဝ) မျိုးခန့်ကို ကျွမ်း ကျင်သည်။ ၁၉၂ဝ ခုနှစ်တွင် ကာလကတ္တားမြို့ရှိ၊ အမျိုးသားတက္က သိုလ်တွင် အဘိဓမ္မာပါမောက္ခ၊ ၁၉၃၅ ခုနှစ် တွင် အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ ဟိန္ဒူမဟာဆဗ္ဗအသင်းဥက္ကဌ၊ ၁၉ဝ၇-၁၉ဝ၈ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ တိုကျို ဗုဒ္ဓတက္ကသိုလ်၏ အဘိဓမ္မာပါမောက္ခ စသော အထင်ကရတာဝန်များကို ထမ်းဆောင်ခဲ့သည်။

ထို့အပြင် ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည် အတ္ထုပ္ပတ္တိ (၁၉၁၄)၊ ဟုမ်းရူးမဂ္ဂဒီပနီ(-ပ-တွဲ(၁၂၈၅)၊ ဟုမ်းရူးမဂ္ဂဒီပနီ(-ဒု-တွဲ(၁၂၈၆)၊ ဒိန်းတလိန်းနတ်ဝတ္ထု (၁၉၃၇)၊ တရုတ်နှင့် ဂျပန်(၁၉၃၈)၊ အာရေဂျနယဒီပနီ၊ ဘုန်းဘုန်းကိုယ်တွေ့ ဘုံဓလေ့(၁၂၉၉)၊ အိန္ဒိယပြည်က ရှေးဟောင်း ဗုဒ္ဓတက္ကသိုလ်များ (၁၉၃၄)၊ ခုဒ္ဒကနိကာယပါဌ (၁၉၃၇)၊ ဘုရားသခင်နှင့် စစ်ကြီး(ဘာသာပြန်)၊ ဘဂဝန် ဂေါဓမ္မဗုဒ္ဓ (၁၉၃၇)၊ အသျှင်ဥတ္တမနှင့် နိုင်ငံခြားမှ ပေးစာများ၊ ဂျပန်ပြည် ယောကျ်ားများနှင့်မိန်းမများအကြောင်း၊ မင်းတိုင်ပင် ကောင်စီ(ရေးပြီးမထုတ်ခဲ့ရ) စသော လုံးချင်းစာအုပ် ၁၄ အုပ်ကိုလည်း ရေးသားပြုစုခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအသိုင်းအဝိုင်းအသီးသီးတို့ တွင်လည်း ဆရာတော်သည် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ရှေ့ဆောင် လမ်းပြပြုခဲ့သူ ဖြစ်သည်။ ဆရာတော် သည် လောကီ၊ လောကုတ္တရာနှစ်ဖြာကောင်းကျိုးကို သယ်ပိုး ဆောင်ရွက်ရင်း ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်မှာ ယခုဆိုလျှင် နှစ် (၈ဝ)တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။ ဆရာတော်၏ ကြီးမားသော ဂုဏ်ကျေးဇူးများကို အောက် မေ့သောအားဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဦးဥတ္တမ ပန်းခြံကို ၁၉၆၃ ခုနှစ်မှစ၍ တည်ထားခဲ့ကြသည်။

ရန်ကုန် ၊ ရွှေတိဂုံဘုရားအနီးရှိ ကန်တော်မင်ပန်းခြံကို လည်း ဦးဥတ္တမပန်းခြံအဖြစ် ဖဆပလအစိုးရက သတ်မှတ်ပေးခဲ့ပြီး ဦးဥတ္တမ ရုပ်တုကိုလည်း စိုက်ထူပေးခဲ့ယသည်။ သို့သော် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီ တက်လာပြီးနောက် ရဟန်းသံဃာများ နိုင်ငံရေးဟောပြော လုပ်ကိုင်မည် စိုး၍ ဦးဥတ္တမ ရုပ်တုကို ဖယ်ရှားခဲ့ပြီး ပန်းခြံ ကိုလည်း ကန်တော်မင် ပန်းခြံဟုသာ သုံးနှုန်းခေါ်ဝေါ်ခဲ့သည်။

ဆက်စပ် သတင်းများ