သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပြန်လွတ်လာသူ ၂၅ ဦးထဲမှ တစ်ဦးအား စစ်တွေမြို့ အမှတ်(၁) ရဲစခန်းတွင် ထပ်မံစစ်ဆေးမှုများပြုလုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.6k

သိန်းဇော် (မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၆ / ၂ဝ၁၉

ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ယမန်နေ့က ပြန်လွှတ်လာသူ ၂၅ ဦးထဲမှ တစ်ဦးအား ယနေ့ စစ်တွေမြို့အမှတ်(၁) ရဲစခန်းတွင် ထပ်မံစစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

စစ်ဆေးခံနေရသူမှာ ရသေ့တောင်မြို့မှ ကိုကျော်ဌေး(ဘ) ဦးကျော်သာခင် ဖြစ်ကြောင်း သိရသည်။

ကိုကျော်ဌေးသည် အောက်တိုဘာလ ၂၆ ရက်နေ့က စစ်တွေမှ ဘူးသီးတောင်သို့ မောင်းနှင်သွားသည့် ရွှေနဒီအမြန်ရေယာဉ်ပေါ်တွင် ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများတွင်တစ်ဦးအပါအဝင်ဖြစ်ပြီး ယမန့်နေ့က ပြန်လည်လွတ်မြောက်လာပြီးနောက် ထပ်မံစစ်ဆေးခံရန် စစ်တွေမြို့သို့ လာရခြင်းဖြစ်ကြောင်း သိရသည်။

ကိုကျော်ဌေး“ဖမ်းဆီးခံရတဲ့ အချိန်မှာတော့ အရမ်းကြောက်ခဲ့တယ်။ စစ်ဆေးခံရတဲ့ အချိန် စိုးရိမ်ရတဲ့ အနေအထားတော့မရှိပါ။ ဟိုမှာ တောထဲမှာလည်း စစ်ဆေးခံခဲ့ပြီးပြီး။ ဒီမှာလည်း စစ်ဆေးခံဖို့လာတာပါ။ ” ဟု နိရဥ္စရာသို့ ပြောသည်။

ကိုကျော်ဌေးသည် ရက္ခိုင့်တပ်တော်(AA)ထံမှ ပြန်လည်လွတ်မြောက်လာပြီးနောက် ရသေ့တောင်မြို့ရဲစခန်းတွင် ယမန်နေ့ကလည်း စစ်ဆေးခံခဲ့ရသည်ဟု ဖခင်ဖြစ်သူ ဦးကျော်သာခင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“မနေ့က ပြန်လွတ်လာတာက ၉ နာရီ ၉ နာရီခွဲလောက်ရှိမယ်ထင်ပါတယ်။ ကျနော်လည်းမသိဘူး။ ကျနော်နဲ့က ၁၁ နာရီလောက်မှ တွေ့တာပါ။ မနေ့ကပြန်လွတ်လာတဲ့အချိန်မှာ ရသေ့တောင်မြို့မရဲစခန်းကလည်း ခေါ်ပြီး မေးမြန်းတာတွေရှိပါတယ်။ အခုလည်း စစ်တွေမြို့ကို စစ်ဆေးဖို့ဆိုပြီး ခေါ်သွားတာပါ။ စစ်ဆေးပြီးရင် ပြန်လွတ်လာမှာပါ။ အမှန်တရားတစ်ခု ဖြစ်ဖို့အရေးကြီးပါတယ်” ဟု ဦးကျော်သာခင်က ပြောသည်။

ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးသွားသူများအနက် စစ်ဘက်နှင့်မသက်ဆိုင်သူ အရပ်သား ၂၅ ဦးကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

လွတ်မြောက်လာသူများအနက် ၂၂ ဦးသည် ဘူးသီးတောင်မြို့ရှိ အမှတ်(၃)နယ်ခြားစောင့်စခန်းတွင် ယမန်နေ့ညဉ့်အချိန်ထိ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရသည်ဟုလည်း သိရသည်။

-----------------------------

Unicode Version











ဆက်စပ် သတင်းများ