ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းဆုံးရှုံးနေမှုများအား အမြန်ဆုံးဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတထံ သတင်းသမား ၁၈ဝ က အိတ်ဖွင့်စာပေးပို့တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 5.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၃ / ၂ဝ၂ဝ

မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း ဆုံးရှုံးနေမှုများအား အမြန်ဆုံးဖြေရှင်းပေးရန် သတင်းသမား ၁၈ဝ က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ ယနေ့ အိတ်ဖွင့်စာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါအိတ်ဖွင့်ပေးစာကို ယနေ့ မေလ ၃ ရက်တွင်ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် နိုင်ငံအနှံ့ရှိ လွတ်လပ်သောသတင်းဌာနများမှ သတင်းသမား ၁၈ဝ ဦး ပါဝင်သော လွတ်လပ်သော သမားများအဖွဲ့က ပေးပို့လိုက်ခြင်းဖြစ်သည်။

လွတ်လပ်သောသတင်းသမားအဖွဲ့မှ ဦးဆောင်လုပ်ရှားသူ ဒေါ်မသဲကိုက "လက်ရှိမြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေက ဘယ်နေ့ အိမ်ရှေ့ကို တံခါးလာခေါက်မလဲ။ ဘယ်အချိန် အဖမ်းခံရမလဲ အဲဒါတွေနဲ့ ရင်ဆိုင်နေရတယ်။ နောက်ပြီး ဂျာနယ်တိုက် တော်တော်များများမှာလည်း သတင်းသမားတွေကို အလုပ်ဖြုတ်တယ်။ သတင်းထောက်တွေ သတင်းရေးတာကို ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုတာတွေရှိတယ်။ ဒါတွေက သတင်းလောကကို ခြိမ်းခြောက်စိန်ခေါ်မှု အများကြီးနဲ့ ရင်ဆိုင် နေရတယ်ဆိုတဲ့အကြောင်းကို သမ္မတကြီးကို သိစေချင်တဲ့အနေနဲ့။ နောက်ပြီးတော့ ဒီနေ့က စာနယ်ဇင်းလွတ်လပ်ခွင့်အထိမ်းအမှတ်အနေနဲ့ တောင်းဆိုတာဖြစ်တယ်"ဟု နိရဥ္စရာကို ပြောသည်။

လက်ရှိ NLD အစိုးရ၏ လေးနှစ်တာကာလအတွင်းတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကြောင့် တရားစွဲဆို ခံရသူပေါင်း ၁ဝဝဝ ကျော်ရှိခဲ့ပြီး အဆိုပါ တရားစွဲဆိုခံရသူများတွင် အရပ်သား ၄၉၅ ဦး၊ တက်ကြွ လှုပ်ရှားသူ ၃၂၆ ဦး၊ သတင်းမီဒီယာသမား ၆၇ ဦး ရှိကြောင်း၊ တပ်မတော်မှ တိုက်ရိုက် သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တရားစွဲဆိုမှု အမှုပေါင်း ၆ဝ ကျော်အထိ ပါဝင်နေကြောင်း အသံအဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကားပြီး အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

"စစ်အစိုးတွေလက်ထက်ကတောင်မှ စာနယ်ဇင်းတွေကို သိပ်ပြီးတော့ တရားစွဲဆိုတာတို့ မရှိခဲ့ဘူး။ ဒါပေမယ့် NLD အစိုးရစတက်လာပြီးနောက်ပိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုနဲ့ တရားစွဲခံရတာတွေ အမှုရေ ၁ဝဝဝ ကျော်ထိ ရှိတယ်။ သတင်းသမားတွေ ၆၇ ဦး ရှိတယ်။ ဒီကြားထဲမှာ ထိန်းသိမ်းခံရတာတွေ ရှိတယ်။ ဖမ်းချုပ်ခံရတာတွေရှိတယ်။ တရားစွဲခံရတာထဲမှာမှ ကောင်စီဝင်ဖြစ်တဲ့ သတင်းသမားနှစ်ဦး၊ သတင်းသမားနှစ်ဦးထဲမှာမှ ကောင်စီရဲ့ အတွင်းရေးမှူးဖြစ်တဲ့လူပါ တရားစွဲခံရတယ်ဆိုလို့ရှိရင် ကျန်တဲ့ သမားတွေကိုတော့ မပြောနဲ့တော့။ မီဒီယာရဲ့ ဖခင်မိခင်ဖြစ်တဲ့ ကောင်စီဝင်သမားတွေတောင်မှ တရားစွဲခံရတယ်။ လက်ရှိရှောင်တိမ်းနေတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ လက်ရှိ သတင်းမီဒီယာ လောက အဲလောက်ထိ ဖိနှိပ်ခံနေရပြီလေ။ အဲလောက်ထိ ဆိုးဝါးနေပြီလေ"ဟု ဒေါ်မသဲကိုက ဆက်ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အပါအဝင် နိုင်ငံအတွင်းလက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၊ ပြည်တွင်းစစ်နှင့် ပတ်သက်သောသတင်းများကို ဖော်ထုတ်ရေးသားတင်ဆက်နေသည့် သတင်း သမားများအား သတင်းမီဒီယာ ဥပဒေကိုအသုံးမပြုဘဲ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအပါအဝင် ရာဇဝတ်မှုပုဒ်မများဖြင့် တရားစွဲဆိုဖမ်းဆီးမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ တိုင်းရင်းသားသတင်းဌာနများ၏ ဝက်ဆိုက်များအားပိတ်ပစ်ခြင်း၊ ဝင်ရောက်ကြည့်ရှုနိုင်ခြင်းမရှိစေရန် ပြုလုပ်ထားခြင်းများနှင့် ရခိုင်နှင့်ချင်းပြည်နယ်အတွင်းရှိ ဒေသအများအပြားတွင် ကာလရှည် အင်တာနက်ဖြတ်တောက်ထားမှုများကို တွေ့ရှိရကြောင်း အိတ်ဖွင့်စာတွင် ပါရှိသည်။

"သတင်းထောက်တွေ သတင်းစာပညာရပ်နဲ့ အသက်မမွေးရဘူး။ သတင်းသမားတွေနည်းလာတယ်။ သတင်းမရေးရဘူးဆိုလို့ရှိရင် ပြည်သူတွေက သတင်းမှန်သိပိုင်ခွင့်တွေ နှောင့်နှေးသွားမယ်။ ဒါတွေကို နိုင်ငံနဲ့ချီပြီးပြောရမယ်ဆိုရင် ဒါတွေက ကောင်းတဲ့ လက္ခဏာတွေမဟုတ်ဘူး။ သတင်းမီဒီယာတွေကို ပိတ်ပစ်တာဟာ ပြည်သူ့ရဲ့နားတွေကို ပိတ်ပစ်တာ။ နားတွေကို ဖောက်ထုတ်ပစ်တာ။ အဲဒီလို သဘော တရားတွေ ဖြစ်နေတယ်"ဟု ဒေါ်မသဲကိုက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်မှုအဆင့်သည် ၂ဝ၁၈ ခုနှစ်မှ ယခု ၂ဝ၂ဝ အတွင်း သုံးနှစ် ဆက်တိုက် နှစ်စဉ်ကျဆင်းနေကြောင်းကို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF)၏ နှစ်စဉ်ထုတ်ပြန်သည့် သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းများအရ သိရှိရကြောင်း ၄င်းစာတွင် ဖော်ပြထားသည်။

--------------------

Unicode:



နိရဉ်စရာ၊ မေ ၃ / ၂ဝ၂ဝ









ဆက်စပ် သတင်းများ