ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မြောက်ဦးမြို့ဦးခေါင်းဆရာတော်နှင့် ပြင်စျေးဆရာတော်တို့ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ခေါ်ဆောင်သွားဟု သတင်းထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 9.1k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၂ဝ/၂ဝ

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ မြို့ဦးခေါင်းဆရာတော်နှင့် ပြင်စျေးဆရာတော် နှစ်ပါး ပျောက်ဆုံးနေပြီး၊ ၎င်းဆရာတော်နှစ်ပါးကို လက်နက်ကိုင် အဖွဲ့တစ်ခုမှ ခေါ်ဆောင်သွားသည်ဟု သတင်းများ ထွက်ပေါ် နေကြောင်း မြောက်ဦးဒေသခံများက ပြောဆိုသည်။  

အမည်မဖော်လိုသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက “ ဒီလ ၁၈ ရက်နေ့ ညဉ့်က ပျောက်သွားတယ်လို့ သိရပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းသွားတာလား။ သူတို့ဟာ သူတို့ ရှောင်နေသလား ကျွန်တော်တို့ တိတိကျကျ မသိဘူး။ မနေ့ကတော့ မြို့ဦးခေါင်းကျောင်းမှာ ရဲတွေအများကြီးတွေ့တယ်။ ရဲမှူးတစ်ဦးကလည်း တိတိကျကျ မပြောနိုင်သေးဘူး။ လေ့လာစုံစမ်းနေတုန်းလို့ ပြောပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို ဖုန်းဆက်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။ 

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ မြို့ဦးခေါင်းဆရာတော်နဲ့ ပြင်စျေးဆရာတော်ကို ဟိုတစ်နေ့ သြဂုတ် ၁၈ ရက်နေ့ညဉ်က လက်နက်ကိုင် အဖွဲ့တစ်ခုက ခေါ်သွားတယ်လို့ သတင်းကြားရပါတယ်။ ဘယ်သူခေါ်တယ်။ ဘယ်အဖွဲ့က ခေါ်တယ်ဆိုတာ တိတိကျကျ မသိရပါ။ သတင်းဘဲ ကြားရတာပါ” ဟု ပြောကြားသည်။ 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ဆရာတော်နှစ်ပါး ဖမ်းဆီးခေါ်ဆောင်ရသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“ မနေ့က ဆရာတော်နှစ်ပါးကို ခေါ်သွားတယ်လို့ သတင်းရတယ်။ ဘယ်သူဖြစ်မှာလဲ အေအေဘဲပေါ့” ဟု ပြောကြားသည်။

မြောက်ဦးမြို့မှ အမည်မဖော်လိုသည့် ဆရာတော်တစ်ပါးက “ အခု ဆရာတော်တို့ ကြားတာက မြို့ဦးခေါင်းဆရာတော်နဲ့ ပြင်စျေး ဆရာတော်တို့ကို လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ခေါ်သွားတယ်လို့ ပြောတယ်။ ခေါ်တာက စစ်တပ်ကလို့လည်း ပြောနေကြတယ်။ အေအေကလို့လည်း ပြောနေကြတယ်။ ဘယ်သူမှ မျက်စိနဲ့ တပ်အပ် မမြင်တဲ့ အတွက် တိတိကျကျ မပြောနိုင်ဘူး” ဟု ပြောဆိုသည်။ 

ရက္ခိုင့်တပ်တော် (AA) သို့ ဆက်သွယ်မေးမြန်းခွင့်ကို လက်ရှိ အစိုးရမှ ဥပဒေအကြောင်းပြ တားမြစ်ထားသဖြင့် အဆိုပါ အဖမ်းအဆီးမှာ AA နှင့် ပတ်သက်မှု ရှိ/မရှိ မေးမြန်းတင်ပြင်နိုင်ခြင်း မရှိပါ။ 


ဆက်စပ် သတင်းများ