သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်သို့ကုန်ပစ္စည်းသွားထမ်းသူပလက်ဝဒေသခံ ၄၁ဦးနှစ်ရက်ကြာဖမ်းဆီးခံရပြီး ပြန်လွတ်မြောက်လာ၊ ကွာရန်တင်းဆက်ဝင်ကြရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.4k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/ ၂ဝ၂ဝ

ပလက်ဝမြို့မှ ကျောက်တော်မြို့သို့ ပီချောင်းကြောင်းအတိုင်းသွားရောက်ပြီး ကုန်ပစ္စည်းသွားထမ်းသူ ပလက်ဝ ဒေသခံ အထမ်းသမား ၄၁ ဦးသည် တပ်မတော်စစ်ကြောင်း တစ်ခု၏ (၂) ရက်တာ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီးနောက်ပိုင်း ယနေ့ပြန်လည် လွတ်လာသော်လည်း လက်ရှိတွင် ကွာရန်တင်းဝင်နေရကြောင်း သတင်း ရရှိသည်။

တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး လုံခြံရေး စိတ်မချရသဖြင့် ပလက်ဝမှ ဒေသခံများသည် ကုလားတန်မြစ်ကြောင်းအတိုင်း သွားလာနိုင်ခြင်းမရှိဘဲ ပလက်ဝမှ မိစ္ဆာရွာကိုဖြတ်ပြီး ယင်းမှ တစ်ဆင့် ရေချမ်းရွာထိ ခြေလျင်လျှောက်ကာ ရေချမ်းရွာမှ ပီချောင်းအတိုင်း စက်လှေဖြင့် ကျောက်တော်ထိ ဆင်းပြီး ပစ္စည်းများဝယ်ယူကြရသည်။ 

 ၎င်းပလက်ဝ ဒေသခံ အထမ်းသမား ၄၁ ဦးသည် အဆိုပါလမ်းကြောင်းအတိုင်း စက်တင်ဘာ ၇ ရက်နေ့က ကျောက်တော်မြို့သို့သွားရောက်ခဲ့ပြီး ကုန်ပစ္စည်းဝယ်ယူကာ ပီချောင်းအတိုင်း ပြန်လာစဉ် ယင်းနေ့ ည ၉ နာရီအချိန်ခန့်တွင် ပလက်ဝမြို့သို့ မရောက်မီ ရုပ်ချောင်းချေအဝ အရောက်တွင် တပ်မတော်စစ်ကြောင်း တစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

၎င်းစစ်ကြောင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် စစ်ဆေးမှုများ ပြုလုပ်ကာ သာမာန် အရပ်သားများဖြစ်သဖြင့် ယနေ့ နံနက် (၁၁) နာရီက သိမ်းဆည်းထားသော ပစ္စည်းများနှင့်အတူ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ယင်း ၄၁ ဦးအား သတ်မှတ်ထားသည့် နေရာအသီးသီးတို့တွင် ၁၂ ရက် ကွာရန်တင်းထားသွားမည်ဖြစ်ကြောင်း ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက ပြောသည်။

“ ညမထွက်ရအမိန့် ည ၆ နာရီကနေ မနက် ၆ နာရီအထိ ထားထားတယ်။ အဲဒါကို ပေးထားတဲ့ အချိန်ကို ကျော်လွန်လို့ ဒဏ်အဖြစ်အနေနဲ့ စစ်တပ်က တစ်ယောက်ကို ငွေနှစ်သောင်းကျပ်စီ ဒဏ်ခတ်မယ်လို့ ကြားရပါတယ်။ အခုတော့ သူတို့ကို ၂၈၉ တပ်က လွှတ်ပေးလိုက်လို့ ဆေးရုံမှာ စစ်ဆေး ခံနေရပါတယ်” ဟု အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးခံခဲ့ရသူများထဲမှ ဦးမျိုးဝင်းသူ (၃၁) နှစ်၊ ဦးထွန်းမင်း၊ ဦးမောင်ထွန်းဝင်း   (၃၂) နှစ်နှင့် ဦးဖိုးကျော် (၃၂) နှစ်တို့မှာ ဖမ်းဆီးထိန်းသိမ်းထားစဉ် တပ်မတော်သားများ၏ ရိုက်နှက် စစ်ဆေးမှုကို ခံခဲ့ရကြောင်း ရိုက်နှက်ခြင်းခံခဲ့ရသည့် ဦးဖိုးကျော်က ပြောသည်။

“ကျွန်တော်တို့က ပစ္စည်းအငှားထမ်းတာပါ။ အဖမ်းခံထားရတဲ့အထဲ ရခိုင်တွေ၊ ခူမီးတွေရော ပါတယ်ပေါ့။ ကျွန်တော်တို့ကို ပစ္စည်းဘယ်နှစ်ခေါက် သယ်ပြီးပြီလဲမေးတယ်။ ပြီးတော့ လမ်းမှာ သွားရင်း အေအေတွေနဲ့ တွေ့လားဆိုပြီးတော့ မေးတယ်။ ကျွန်တော်တို့က မတွေ့ရင် မတွေ့ဘူးလို့ ဖြေတယ်။ ကျွန်တော့်ကို ခြေတွေနဲ့ ကန်လိုက်တယ်။ လက်နဲ့လည်း ရိုက်တယ်။ လည်ပင်း၊ ခေါင်း၊ ခါးတွေကို ရိုက်တာပေါ့။ ဖမ်းထားတုန်းကတော့ ထမင်းတွေတော့ ကျွေးပါတယ်။ ဆေးရုံမှာ ဆေးစစ်ခံတုန်း အတွင်းဒဏ်ရာတွေကို ဆေးခန်းပြလိုက်ရတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ယနေ့ နံနက် ၁၁ နာရီကျော်ခန့်က ပြန်လည် လွတ်မြောက်လာကာ လက်ရှိ ၄င်းတို့အား ကွာရန်တင်းထားရန် စီစဉ်နေကြောင်း ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးစံသိန်းက ပြောသည်။

“ဒီ ဖမ်းဆီးခံခဲ့ရတဲ့ ၄၁ ယောက်ထဲမှာ စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေလည်း ပါတယ်။ ရပ်ကွက်က ဝန်အငှားထမ်းတဲ့ သူတွေလည်း ပါတယ်။ ကျောက်တော်က စျေးသွားဝယ်တာပေါ့။ အဝတ်အထည်တွေ ကုန်ပစ္စည်းတွေ သွားဝယ်တာ။ ဒီမှာက ညမထွက်ရအမိန့်ထုတ်ထားတယ်လေ။ အဲဒါသူတို့က ကျွန်တော့်ကိုလည်း အကြောင်းမကြားဘဲ သွားတာဆိုတော့ လာတာကလည်း ညဘက်ကြီးဆိုတော့ အဲဒီမှာ အဖမ်းခံခဲ့ရတာ။ ဒီနေ့ ပြန်လွတ်တာပေါ့” ဟု ဦးစံသိန်းက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ၄၁ ဦးမှာ မြို့မရပ်ကွက်နှင့် စစ်ဘေးရှောင်စခန်းတို့၌ နေထိုင်ကြသူများဖြစ်ကြောင်း၊ လက်ရှိတွင် ယင်း ၄၁ ဦးအား ပလက်ဝဆေးရုံတွင် ဆေးစစ်လျှက်ရှိကြောင်း၊ ပလက်ဝမြို့မှ ကျောက်တော်မြို့နယ်အတွင်းသို့ သွားခဲ့သည့်အတွက် ၄င်း ၄၁ ဦးထဲမှ ရပ်ကွက်ထဲတွင် နေထိုင်သူများအား ဟုမ်းကွာရန်တင်း (Home Quarantine) ထားကာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများအား မြို့မရပ်ကွက်ရှိ မူလွန် စာသင်ကျောင်း၌ ကွာရန်တင်းထားသွားရန် စီစဉ်နေကြောင်း ဦးစံသိန်းက ပြောသည်။

ပလက်ဝမြို့အနီး ၁ မိုင်ခန့်အကွာ၌ ခလရ ၂၈၉ တပ်ရင်းမှ တပ်မတော်သားအချို့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း ပလက်ဝမြို့မှ ဦးစိုးလှက ပြောသည်။

“ပလက်ဝမြို့ပေါ်က ကုန်စုံဆိုင်တို့ အထည်ဆိုင်တို့က ပိုင်ရှင်တွေမှာ ဒီစစ်ဘေးရှောင်စခန်းက မိန်းကလေးတွေရောပေါ့။ တခြားလည်း အလုပ်သမားတွေ အများကြီးနဲ့ ကျောက်တော်ကို စျေးသွားဝယ်တာ။ စက်လှေတစ်စီးငှားရင် တစ်သိန်းကျော်ပေးရတယ်။ အဲဒါကြောင့် ဆိုင်ပိုင်ရှင်သုံးယောက်က ငွေစုခံပြီး အကုန်ကျနည်းအောင်ဆိုပြီး သုံးယောက်ပေါင်းငှားတာ စက်လှေကို။ ပြီးတော့ ကုန်ပစ္စည်းတွေ သွားဝယ်ခိုင်းတာ အလုပ်သမားတွေကို။ အဲဒီမှာ လမ်းက အပြန်မှာ ညဉ့်အချိန်ဆိုတော့ ခလရ ၂၈၉ တပ်ရင်းက စစ်သားတွေက ဖမ်းသွားခဲ့တာ” ဟု ဦးစိုးလှက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူများအား ယနေ့ နံနက်ပိုင်းက ပလက်ဝမြို့ရှိ မြို့မရပ်ကွက်နှင့် ထွေ/အုပ်မှ တာဝန်ရှိသူများက ခလရ ၂၈၉ တပ်ရင်းသို့သွားကာ တာဝန်ရှိသူများထံမှ ခေါ်ယူလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ