သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေအပါအဝင် ရခိုင်မှမြို့နယ်တချို့တွင် ညမထွက်ရအချိန်ကိုလျှော့ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၁၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အပါအဝင် မြို့နယ်တချို့တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်ရောဂါကြောင့် ထုတ်ပြန်ထားသည့် ညမထွက်ရအချိန်ကို လျှော့ချလိုက်ကြောင်း သတင်းရရှိသည်။

ညမထွက်ရ အချိန် လျှော့ချလိုက်သော မြို့နယ်များအထဲတွင် စစ်တွေ၊ မာန်အောင်၊ ရမ်းဗြဲ၊ သံတွဲနှင့် ဂွမြို့နယ်တို့ ပါဝင်သည်။

ယခင် ည မထွက်ရ အချိန်ကို ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ထုတ်ပြန်ထားပြီး ယခု ညမထွက်ရ အချိန်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ပြောင်းလဲ သတ်မှတ် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သည့် မမြမြဝင်းက “လျှော့ချလိုက်တယ်ဆိုတော့ အကုန်လုံးက ဝမ်းသာကြမှာပေါ့။ ဒီကိစ္စက ရောဂါပိုးကြောင့် လုပ်ထားတာပေါ့နော်။ ရောဂါပိုးလည်း အားပျော့သွားသလို ဖြစ်လာတော့ အခုလို အချိန်တွေ လျှော့ချလိုက်တယ် ဆိုတာက ဖြစ်သွားတာပေါ့။ ညဉ့် ၁၂ နာရီမှဆိုရင် လူတွေကလည်း စိတ်ကြိုက်သွားနေလို့ရတယ်။ ဟိုတုန်းကလို ၉ နာရီဆိုရင် အချိန်က သိပ်လည်း မရဘူးပေါ့။” ဟု နိရဥ္စရာသို့ ပြောသည်။

ယခု ထုတ်ပြန်သည့် ည မထွက်ရအမိန့်မှာ အောက်တိုဘာ ၁၇ ရက်နေ့မှ ဒီဇင်ဘာ ၁၆ ရက်နေ့ထိ ၂ လ အတည်ဖြစ်ကြောင်းလည်း သိရသည်။

စစ်တွေမြို့မိမြိဖ ဦးသာစိန်က “တကယ့်အရေးကြီးတဲ့ ကိစ္စရှိလို့ သွားလာဖို့သူတွေအတွက်တော့ ကောင်းပါတယ်။ အခုက ကိုဗစ်ကာလဖြစ်နေတဲ့အတွက် မသွားရင်လည်း ဘာမှမဖြစ်ဘူးပေါ့နော်။ ဒီအပေါ် တစ်ဘက်ကလည်း ဝမ်းသာသလို တစ်ဘက်ကလည်း ဝမ်းမသာပါဘူး။ သို့သော် ညဘက်ထွက်သွားနေတဲ့ သူတွေက တခြားကြောင့် သွားနေကြတာမှ မဟုတ်တာ” ဟု နိရဥ္စရာသို့ ပြောသည်။

စစ်တွေမြို့တွင် ည ၉ နာရီမှ နံနက် ၄ နာရီအထိ ည မထွက်ရ အမိန့်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦး လက်မှတ်ရေးထိုး၍လည်းကောင်း မာန်အောင်မြို့နယ်တွင် အုပ်ချုပ်ရေးမှူုး ဦးကျန်အေးကလည်းကောင်း၊ ရမ်းဗြဲမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်ကလည်းကောင်း၊ သံတွဲမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းအောင်ကလည်းကောင်း၊ ဂွမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ဦးထင်ဇော်ဦးကလည်းကောင်း အသီးသီး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။  

ကျန်မြို့နယ်များတွင် ညမထွက်ရ အချိန်ကို ည ၉ နာရီမှ နံနက် ၄ နာရီထိ သတ်မှတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ