စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ခုံး(ဂုံး)အမြောက်အမြားသေဆုံးခဲ့မှုတစ်နှစ်ပြည့်ပြီးနောက် ယင်းနေရာတဝိုက်တွင် ခုံးများထပ်မတွေ့ရတော့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.2k

စိုးဇံအောင်
နိရဥ္စရာ၊စက်တင်ဘာ ၂၄/၂ဝ၁၉

၂ဝ၁၈ စက်တင်ဘာလ က ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့အကြား၊လောင်းချောင်ချောင်း၊ တအိုချောင်း ကမ်းရိုးတဝိုက်တွင် ခုံးအမြောက်အမြား သေဆုံးမှု ဖြစ်ပွားခဲ့သည်မှာ စက်တင်ဘာ ၂၂ ရက်နေ့က  တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

သေဆုံးမှုဖြစ်ပွားခဲ့ပြီးချိန်မှစ၍ ယင်းချောင်းကြောင်းတစ်လျှောက်တွင် ခုံးများကို အသက်ရှင်လျက် မတွေ့ရသည် မှာ ယနေ့အချိန်ထိ ဖြစ်ကြောင်း  အမ်းမြို့ဒေသခံ၊ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကွန်ရက် (ANREN) အဖွဲ့ က ကိုမျိုးလွင်က နိရဥ္စရာသို့ ပြောသည်။

“ကုန်ခဲ့တဲ့ နှစ်က သေတဲ့နှစ်ကတည်းက ထပ်ပြီး အရှင်မတွေ့ရဘူးပေါ့။ကောက်လည်း မကောက်ကြဘူးပေါ့။ အဲ့ဒီနေရာမှာ ထပ်ပြီးတော့ မရှင်တာမျိုးပေါ့။ကျွန်တော်တို့ကတော့ သုတေသနတော့ အမြဲလုပ်နေပါတယ်။အမ်း မြို့နယ် အပါအဝင် မြို့နယ် ငါးမြို့နယ်မှာ ညစ်ညမ်းရေထုရောက်ခဲ့တဲ့ နေရာတွေမှာ ခုံး အမျိုးအစားအလိုက် ပေါ့နော်။အများအားဖြင့်တော့ ဒီသေဆုံးမှုဖြစ်ခဲ့တဲ့ နေရာတဝိုက်မှာတော့ ခုံးတွေကို ထပ်မတွေ့ရတော့ဘူး”ဟု ကိုမျိုးလွင်က ပြောသည်။

ခုံးကောင်များ၊အစုလိုက်အပြုံလိုက် သေဆုံးမှုသည် ၂ဝ၁၈ ခုနှစ် ဇူလိုင်လအတွင်း သံဇစ်မြစ်တစ်လျှောက် ရေထုညစ်ညမ်းမှု ဖြစ်ခဲ့သည့်နောက်ပိုင်း စတွေ့ခဲ့ရပြီး၊ခုံးကောက်သူများတွင်လည်း အရေပြားရောဂါများ ဖြစ်ပွားလာခဲ့သည်ဟု ပိုက်လိုင်းရေးရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ပြည်နယ်အစိုးရသို့ တင်ပြခဲ့သည် ဟုသိရသည်။

ခုံးအမြောက်အမြား သေဆုံးသည့် သတင်း လူမှုကွန်ရက်သို့ တက်လာသည်နှင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင်  တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများရှိခဲ့ပြီး ၄င်းသေဆုံးမှုသည် သာမန်ဖြစ်ရိုးဖြစ်စဉ် အတိုင်း သေဆုံးခြင်းဖြစ်သည်ဟု ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနက ပြောကြားခဲ့သည်။

ခုံးများ သေဆုံးမှုကို လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် အတွက် ကိုမျိုးလွင်ကို အောက်တိုဘာလ ၆ ရက်နေ့က အမ်းမြို့မရဲစခန်းမှ ခေါ်ယူပြီး၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊၆၈(က)တို့ဖြင့် တရားစွဲဆိုခဲ့ရာ လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ၁၆ ကြိမ်မြောက် ရုံးချိန်းကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ၄င်းချောင်းရိုးတဝိုက်တွင် အချိန်အနည်းငယ် ကောက်ရုံဖြင့် မိသားစု တစ်စားစာ ရရှိသော်လည်း ယခုအခါ ခုံးကောင်များမှာ မရှိသလောက် ရှားပါးသွားခဲ့ပြီဟု သိရသည်။


ဆက်စပ် သတင်းများ