ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

နံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ပေးရန် သစ်တောဌာနကတင်ပြထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.2k

အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၁/၂၀၂၁
နိုင်ငံတကာက ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြားရှိ နံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ပေးရန် သစ်တောဌာနက တင်ပြထားသော်လည်း တစ်နှစ်ကျော်ကြာသည်အထိ အကြောင်းမပြန်သေးဟု စစ်တွေမြို့နယ် သစ်တောဦးစီးအရာရှိ ဦးသန်းမင်းအေးက နိရဥ္စရာကိုပြောသည်။
"မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ ပြည်နယ်၊ ပြည်နယ်ကနေ ရုံးချုပ်ထိ အဆင့်ဆင့်တင်ပြထားပါတယ်။ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ဖို့ အမိန့်ကြေညာစာတွေကျရောက်လာခြင်းတော့ မရှိသေးပါဘူး"ဟု ပြောသည်။
န့ံသာကျွန်းသည် ရေမြေဧက ၂၂,၉၇၉ ဧကကျယ်ဝန်းပြီး စစ်တွေမြို့နယ်၏ အနောက်မြောက်ဘက် (၁၀)မိုင်အကွာ၊ မေယုမြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်ကြား ရသေ့တောင်မြို့နယ်အပိုင်တွင်တည်ရှိသည်။
ယင်းကျွန်းတွင် တစ်ကမ႓ာလုံး၌ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသော ရေညှောင့်နှုတ်ဝိုင်းငှက် ဒုတိယအများဆုံးလာရောက်ဆောင်းခိုလေ့ရှိသည့်အပြင် နှုတ်တိုရှည်ငှက်နှင့် နော်မန်ခြေစိမ်းငှက်အစရှိသော ရွှေ့ပြောင်းငှက်မျိုးစိတ်များနှင့် ဌာနေငှက်များအပါအဝင် ပင်လယ်လိပ်မျိုးများ၊ ဧရာဝတီလင်းပိုင်၊ ရေနေသတ္တဝါများနှင့် ဒီရေတောများရှိသည့်အတွက် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည့် ရေဝပ်ဒေသနယ်မြေတစ်ခုဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် အဆိုပါကျွန်းအား အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ပေးရန် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လအတွင်းတွင် စစ်တွေမြို့နယ်သစ်တောဦးစီးဌာနက နေပြည်တော်ရှိ သစ်တောရုံးချုပ်အထိ တင်ပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
နံ့သာကျွန်းသည် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ခံရပါက ယင်းကျွန်းအတွင်း အမှီပြုနေထိုင်သည့်တိရစ္ဆာန်များအပါအဝင် ဒေသအတွက်ပါ များစွာအထောက်အကူပြုလာနိုင်သည်ဟု ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ကိုရန်နောင်စိုးက ပြောသည်။
"သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးနေရာအဖြစ် သတ်မှတ်ခံရရင် ဒီကျွန်းကိုမှီခိုတဲ့သက်ရှိတွေ၊ ရေသယံဇာတတွေ အစစအရာရာကိုကောင်းကောင်းမွန်မွန်ကာကွယ်ထိန်းသိမ်းနိုင်မယ်။ နိုင်ငံရေးအခြေနေတွေကောင်းလာမယ်ဆိုရင် သဘာဝကိုအခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေလုပ်နိုင်မယ်။ ဒေသခံတွေအတွက်ဝင်ငွေတွေရလာမယ်။ ဒီငှက်ကလေးတစ်ကောင်ကို ကြည့်ချင်လို့ ပိုက်ဆံတွေအကုန်ကျခံပြီး လာကြည့်ကြတဲ့နိုင်ငံခြားသားတွေရှိပါတယ်"ဟု ပြောသည်။
ယင်းနံ့သာကျွန်းတွင် ဂေဟစနစ်ကောင်းမွန်ပြီး တိရစ္ဆာန်များအတွက် အစာရေစာပြည့်လျှံသည့်အတွက် မ္ဘာ့အရှားပါးဆုံးရေညှောင့်နှုတ်ဝိုင်းငှက် (Spoon-billed sandpiper)နှင့် အခြားငှက်မျိုးစိတ်များလည်း လာရောက်ဆောင်းခိုလေ့ရှိသလို ပင်လယ်လိပ်များလည်း ဥလာဥလေ့ရှိကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကျွန်းတွင် သဲလာတူးကြသူများနှင့် ငှက်လာပစ်သူများရှိနေသည့်အတွက် ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်ရန် အရေးတကြီးလိုအပ်နေသည်ဟုလည်း ကိုရန်နောင်စိုးက ပြောသည်။
"ကိုယ်တွေကလည်း အာဏာပိုင်မဟုတ်တော့ အတတ်နိုင်ဆုံးတော့ ပြောပြတယ်။ ဒီနေရာက ရခိုင်ပြည်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာမျိုး။ သစ်တောဌာနနဲ့ပူးပေါင်းပြီး အသိပညာပေးတာတွေ၊ စာကပ်တာမျိုးတွေလည်း အတတ်နိုင်ဆုံးပြုလုပ်နေပါတယ်"ဟု ပြောသည်။
နံ့သာကျွန်းသည် ရေဝပ်ဒေသအချက် ၆ ချက်ဖြင့်ပြည့်စုံသည့်အတွက် ကမ႓ာအနှံ့အပြားမှရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ရန်ဖွဲ့စည်းထားသည့် Ramsar အဖွဲ့၏ ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်တွင် သတ်မှတ်ခြင်းခံထားရသော ကျွန်းတစ်ကျွန်းဖြစ်သည်ဟုလည်း သိရသည်။
Ramsar အဖွဲ့ကသတ်မှတ်ထားသည့် ရေဝပ်ဒေသများတွင် နံ့သာကျွန်းအပါအဝင် မြန်မာနိုင်ငံ၌ ရေဝပ်ဒေသ ၆ ခုရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ